ရှမ်းပြည်နယ်၊ အောက်တိုဘာ ၁၈

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့  စဝ်စံထွန်းရပ်ကွက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဇီဝိတဒါန သံဃာ့ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံဃာ့ဆေးရုံကြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊  အလှူရှင်များ၊  တောင်ကြီးမြို့ ဇီဝိတဒါန သံဃာ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့များက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က  သံဃာ့ဆေးရုံကြီး၏ လိုအပ်ချက်များကို တတ်အားသရွေ့ လှူဒါန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နာယက ဦးညွန့်မောင်က ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ နောက်ခံ သမိုင်းကြောင်း၊ ဖွဲ့စည်းမှုအခြေအနေ၊ ဝန်ထမ်းအင်အားနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက သံဃာတော်များနှင့် သီလရှင်များကို လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှု၊ လူပုဂ္ဂိုလ်များအား ကုန်ကျစရိတ် သက်သာသော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံကြီး၌ ခေတ်မီစက်ကိရိယာများလိုအပ်မှု အခြေအနေများကို တင်ပြဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အလှူငွေ ကျပ်  ၂၀၅၀၀၀၀ အား    ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ နာယကနှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံတက်ရောက်ကုသနေသော သံဃာတော်များ၊ သီလရှင်များအား တွေ့ဆုံအားပေးစကား ပြောြကားပြီး  နဝကမ္မအလှူငွေများ ထောက်ပံ့လှူဒါန်းကာ ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

      

သတင်းစဉ်