နေပြည်တော်  ၂၅  နိုဝင်ဘာ

(၃၈)ကြိမ်မြောက် အာဆီယံ အင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38 th Conference of ASEAN Federation of Engineering Organizations–CAFEO 38 ) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ the Vietnam Union of Science and Technology Associations (VUSTA) က ကြီးမှူး၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ Hybrid System ဖြင့်ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် Online ဖြင့် တက်ရောက်သည်။ 

အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam ၊ အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ် (ASEAN Federation of Engineering Organizations - AFEO) ဥက္ကဋ္ဌနှင့် ဗီယက်နမ်နိုင်ငံ VUSTA ဒု-ဥက္ကဋ္ဌ Dr. Sc. Nghiem Vu Khai တို့က အဖွင့်အမှာစကား ပြောကြားကြပြီး ASEAN Award များကို ပေးအပ်ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “Industry 4.0 & engineering solutions in the new era for climate and disaster proof and resilient ASEAN” ခေါင်းစဉ်ဖြင့် Video Message မိန့်ခွန်းပြောကြားရာတွင် Industry 4.0 သည် အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် အသိဉာဏ်ရှိသောစက်များနှင့် အဆင့်မြင့် နည်းပညာများကို အသုံးပြုသည့် Industry 4.0 ကို မဟာဗျူဟာအဖြစ် လက်ခံကျင့်သုံးနေကြပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ASEAN Declaration on Industrial Transformation to Industry 4.0 ထုတ်ပြန်ခဲ့ခြင်း အတွက် ချီးကျူးဂုဏ်ပြုလိုပါကြောင်းနှင့် ယင်းကိုအသုံးပြု၍ အာဆီယံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ International Energy Agency (IEA)မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာ များအရ ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုပ်ကြွင်းလောင်စာ အပါအဝင် စွမ်းအင်သုံးစွဲမှု သိသိသာသာကျဆင်းခဲ့ပြီး သန့်ရှင်းစွမ်းအင်ဖြစ်သည့် သဘာဝဓာတ်ငွေ့နှင့် Solar Power ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲမှုများ ပိုမိုသုံးစွဲခဲ့သဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့ (Green House Gas-GHG) ထုတ်လွှတ်မှုများနှင့် ‌ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ခဲ့ ကြောင်းနှင့် အဆိုပါ Clean Energy နှင့် Solar ကဏ္ဍများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးသည် အနာဂတ် Industry 4.0 အခြေခံသည့် လူသားထိန်းချုပ်မှုမဲ့ ရုံးဌာနများနှင့် စက်ရုံအလုပ်ရုံများ၊ မောင်းသူမဲ့သယ်ယူ ပို့ဆောင်ရေးယာဉ်များ စသည့် ဖွံဖြိုးတိုးတက်မှုများအတွက် အထောက်အကူဖြစ်ကြောင်း၊ အဆိုပါနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု များကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ ပိုမိုတိကျမှန်ကန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သကဲ့သို့ လက်ရှိစက်မှုလုပ်ငန်းများ၊ အခြားကဏ္ဍများ၏ အလုပ်အကိုင်များအပေါ် ပြောင်းလဲသက်ရောက်မှုများ ရှိလာမည် ဖြစ်ပါကြောင်း။

CAFEO38 ၏ အဓိကမျှော်မှန်းချက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်မြင်သော အာဆီယံအသိုက်အဝန်း ထူထောင်ရန်ဖြစ်ကြောင်း၊ လူဦးရေ သန်း ၆၅၀ ကျော်နေထိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်လာသော အာဆီယံနိုင်ငံများသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးမှုတွင် အဓိကပါဝင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံချက်သည် ကမ္ဘာ့ GDP တိုးတက်မှု၏  ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်ကို မြှင့်တင်နိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားပါကြောင်း၊ အဆိုပါ စီမံချက်သည် Industry 4.0 ကို အကျိုးကျေးဇူးပြုမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများမှ နာလန်ထူရေးသည် ကမ္ဘာ့နိုင်ငံအားလုံးအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရေးနှင့် စွမ်းအင်အရင်းအမြစ်ပေါင်းစုံကို ထုတ်ယူသုံးစွဲရေးသည် အရေးပါကြောင်း၊ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် သတိထားဆောင်ရွက်ရမည့် အချက်တစ်ချက်မှာ မကြာခဏဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းနှင့် လျော့နည်းသက်သာအောင် ပြုလုပ်ခြင်းတို့ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍမှ ဆောင်ရွက်ချက်များကို အကျဉ်းချုပ်ရှင်းပြလိုပါကြောင်း၊ ၂၀၁၆ ခုနှစ် မတိုင်မီက မိမိတို့နိုင်ငံတွင် ၃၄ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခဲ့သော်လည်း မိမိတို့အစိုးရသစ်လက်ထက်တွင် ဦးစားပေးကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် ၅  ရာခိုင်နှုန်း အထိ တိုးတက်လာပါကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင် အရင်းအမြစ်များမှာ အဓိကအားဖြင့် ရေအားနှင့်နေရောင် ခြည်စွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်နှင့်  သဘာဝဓာတ်ငွေ့နှင့် LNG ကဲ့သို့ သန့်ရှင်းသော စွမ်းအင်များကို အခြေခံထားပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ Generation Mix သည် Hydropower ၄၀ ရာခိုင်နှုန်း ၊ သဘာဝဓာတ်ငွေ့ ၃၄ ရာခိုင်နှုန်း ၊ LNG ၁၁ ရာခိုင်နှုန်း၊ Solar ၁၄ ရာခိုင်နှုန်းဖြစ်ပြီး စက်တပ်ဆင်အင်အား (၈၁၁၈) မဂ္ဂါဝပ်အထိ တိုးတက်လာမည် ဖြစ်ကြောင်း။

 အာဆီယံ၏ ရည်မှန်းချက်မှာ ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ စွမ်းအင်လိုအပ်ချက်၏ ၂၃ ရာခိုင်နှုန်း ကို အသုံးပြုရန်ဖြစ်ကြောင်း၊ အဆိုပါရေရှည် တည်တံ့သောစွမ်းအင်စနစ်များနှင့် အခြားနည်းစနစ်များကို အသုံးပြု၍ မြန်မာနိုင်ငံသည် ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိအဆင့်မှ ၁၀ ဒသမ ၅ တန်အထိ လျှော့ချရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ကမ္ဘာလုံးအပေါ် ဆိုးကျိုးသက်ရောက်နေသည့်  ရာသီဥတုပြောင်းလဲခြင်း ကို ကာကွယ်ထိန်းချုပ်ရန် မိမိတို့အနေဖြင့် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု(GHG)နှင့် လေထုညစ်ညမ်းမှုတို့ကို အတူတကွလျှော့ချ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု(GHG)တို့ကို အဓိကဖြစ်စေသော စွမ်းအင်ကဏ္ဍအနေဖြင့် သန့်ရှင်းသောစွမ်းအင်နည်းပညာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှု စနစ်များသို့ တဖြည်းဖြည်းပြောင်းလဲအသုံးပြု သွားရမည်ဖြစ်ကြောင်း၊ Industry 4.0 သည် အဆိုပါပြောင်းလဲမှု ဖြစ်စဉ်အတွက် လွန်စွာအရေးပါကြောင်း၊ ယခုညီလာခံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်မြင်သည့် အာဆီယံ အသိုက်အဝန်းကို တည်ဆောက်ရန် လိုအပ်သော Industry 4.0 သို့ အသွင်ကူးပြောင်းရေး မဟာဗျူဟာများ၊ နည်းပညာများကို လည်းကောင်း၊ လက်ရှိကာလအတွက် လွန်စွာအရေးကြီးသော ကိုဗစ်ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို ပြန်လည်ကုစားနိုင်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးသွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။    

ဆက်လက်၍ မလေးရှားနိုင်ငံ Institution of Engineers နှင့် ASEAN Academy of Science and Technology ဥက္ကဋ္ဌ  Dr. Chua Hean Teik က Future ready labour force: innovative education for the next generation of ASEAN Engineers ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ Vietnam Electricity (EVN) ဒု-ဥက္ကဋ္ဌ  Mr. Ngo Son Hai က People centered connectivity: advanced connectivity, technology and solutions in Electricity and Power sector of Viet Nam ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားကြပြီး အာဆီယံနိုင်ငံများ၏ အင်ဂျင်နီယာအသင်းချုပ်များက နိုင်ငံအလိုက် Country Report များကို တင်ပြကြရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က “Fostering Initiatives and Actions by AFEO to Build a Sustainable and Prosperous ASEAN Community” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။

(၃၈)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38 th Conference of ASEAN Federation of Engineering Organizations–CAFEO38)နှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် AEI Building ၊ AEI Manufacturing ၊  AEI Electrical Installation၊ Sustainable Cities ၊ Engineering Education and Capacity Building ၊ AEI Boiler ၊ Energy ၊ Transport Workshop Webinar ၊ Disaster Workshop Webinar နှင့် Woman Engineers Summit စသည်တို့ကို နိုဝင်ဘာ (၁၈)ရက်မှ (၂၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် (AFEO)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြ ကြောင်း သိရသည်။

သတင်းစဉ်