နေပြည်တော် ၂၀ မေ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၉ ရက် နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ထောက်ရှာပင် ရေနံမြေသို့ရောက်ရှိရာ ရေနံမြေရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး အတွင်း ရေနံမြေများရှိအထွေထွေမန်နေဂျာများမှ ရေနံမြေဆိုင်ရာ အချက်အလက်များနှင့် ရေနံမြေများအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။
၎င်းနောက်ပြည်ထောင်စု ဝန်ကြီးမှရေနံမြေအလိုက် ရေနံအထွက်နှုန်းကျဆင်းနေသည့် တွင်းများအားပြန်လည်သုံးသပ်ပြီးအထွက်နှုန်းတိုးတက်လာစေရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြု၍ဆောင်ရွက်သွားရန်၊တွင်းဟောင်းထဲသို့ရေသွင်းသောနည်းစနစ် များကိုစနစ်တကျ ဆောင်ရွက်ကြရန်၊ မြေအောက် ဘူမိအနေအထားများတိကျစွာခန့်မှန်းနိုင်ရေးအတွက် ပိုမိုကောင်းမွန်သောဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊
နယ်မြေဒေသအစုအဖွဲ့များ ဖွဲ့စည်းပေးပြီး အစုအဖွဲ့များမှကုမ္ပဏီလုပ်သားများကို တွင်းတူးနည်းစနစ်များကို သင်ကြားပို့ချနိုင်ရေးစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ရန်နှင့် မိမိတို့ ဝန်ကြီးဌာနမှပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်ရှိလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမကွေးပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီးလာမည့်၂၀၂၀ခုနှစ်နွေရာသီတွင်တိုးတက်သုံးစွဲလာမည့်နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍VPower Holdings (Singapore) Pte. Ltd. မှ၁၃၃မဂ္ဂါဝပ်ရှိသော Gas Engine မှ၆၇မဂ္ဂါဝပ်ထုတ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို မကွေးပင်မဓာတ်အားခွဲရုံသို့ကုမ္ပဏီ၏ကုန်ကျစရိတ်ဖြင့်ပြောင်းရွှေ့ဓာတ်အားထုတ်နိုင်ရန် တည်ဆောက်မည့်စီမံကိန်းမြေနေရာနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ၆၇မဂ္ဂါဝပ်စက်ရုံအားပြောင်းရွှေ့ဓာတ်အားထုတ်လုပ်ရန်စီမံဆောင်ရွက်ရခြင်းသည်၂၀၂၀ခုနှစ်နွေရာသီတွင်တစ်နိုင်ငံလုံး၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အချိန်တိုကာလအတွင် းပြည့်မီစေရန်စီမံဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
ဆက်လက်၍ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင်မကွေးတိုင်းဒေသကြီးအတွင်းရှိတိုင်း/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးတို့နှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)