နေပြည်တော် ၂၆ ဇူလိုင်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးနှင့် လိုအပ်မှုများကို ဖြည်းဆည်းပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ရှိပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ချင်းပြည်နယ် တောင်ဘက်အစွန်းရှိ ပလက်ဝမြို့နယ်ကို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ချင်းပြည်နယ်ဘက်မှ အချိန်မီထောက်ပံ့ရန် အခက်အခဲ ရှိသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ ကျောက်တော်ဘက်မှ ထောက်ပံ့နိုင်ရေးအတွက် လာရောက်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ် ရိက္ခာလိုအပ်ချက်သည် အဓိကဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ရရှိလာသော စာရင်းများအပေါ် အခြေခံပြီးလိုအပ်သောစားနပ်ရိက္ခာများကိုလစဉ်ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအတွက် ယာယီခိုလှုံ နေထိုင်ရန်နေအိမ်များ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ စားနပ်ရိက္ခာများနှင့်ထောက်ပံ့မှုများကို လိုအပ်သောသူများထံသို့ အမြန်ရောက်ရှိရန် အရေးကြီးပါသဖြင့် အားလုံးဝိုင်းဝန်းကြိုးစားပေးကြ စေလိုကြောင်း၊ ယခုအစည်းအဝေးသည်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အကောင်း ဆုံးနည်းလမ်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်ဝိုင်းဝန်း ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်ကတိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက်ကူညီစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ ချင်းပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးအခြေအနေကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အဓိကလိုအပ်သော ရိက္ခာဆန်များကို ပြည်သူများ အနေဖြင့်ရခိုင်ပြည်နယ်မှဝယ်ယူနေရပါကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများ အပါအဝင် ဒေသခံပြည်သူများအတွက် ဆန်သယ်ယူမှုကိစ္စများအဆင်ပြေ စေရေးပူးပေါင်း ဆောင်ရွက်နိုင်ရန် အကြံဉာဏ်များရယူလိုပါကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနကဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာ (၃)လစာနှင့်ကလေးကျောင်းဝတ်စုံများ၊ တာပေါ်လင်လိပ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်ရိက္ခာ (၂)လစာနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စများကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


