နေပြည်တော် ၈ ဇူလိုင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ရွှေပြည်အေးမူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှန်တကယ် စိတ်ဝင်စားပြီး စိတ်ရင်း စေတနာမှန်ဖြင့် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရန် သင်တန်းတက်ရောက်လာကြ သူ များအား ကျေးဇူးအထူးတင်ရှိကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် မူးယစ်ဆေးစွဲသူ များရှိနေပြီး ဆေးဖြတ်ရန်တိုက်တွန်းခြင်း၊ ဆေးဖြတ်ပြီးသူများအမှန်တကယ် အကျိုး ရှိစွာ ဘဝကိုရင်ဆိုင်နိုင်ရေး ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဖယ်ခုံဆေးရုံမှ လက်ထောက်ဆရာဝန်က မူးယစ်ဆေးဖြတ်ပြီးသူ များ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်သော ဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းများလိုအပ်ချက်နှင့် စိုက်ပျိုးရေး တာဝန်ခံအရာရှိက သင်တန်းဖွင့်လှစ်ချိန်တွင် သင်တန်းသား များအားစိုက်ပျိုးရေး လုပ်ငန်း လုပ်ဆောင် ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးသင်တန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရာတွင် စခန်းအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်း၊ စခန်းနှင့်ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်း(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဖြတ်ကုသပြီး သူများအား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ နေထိုင်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေး ခြင်းနှင့် ဆေးစွဲသူဘဝသို့ ပြန်လည်မရောက်ရှိစေရန် စေတနာ့ ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲစောင့်ရှောက်ပေးခြင်း(After Care Service) တို့ကိုဆောင်ရွက်ပေးလျှက်ရှိသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာနက တာဝန်ယူထားသော မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်းများ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်(တောင်ကြီး)၊ မြဝတီ၊ ကော့သောင်း၊ ဖယ်ခုံ၊ ဝက်ထီးကန်(ပြည်)ဟူ၍ စခန်း (၁၁) ခုရှိပြီး ယခုအခါ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ဖယ်ခုံ၊ ဝက်ထီးကန်(ပြည်)တို့တွင် လုပ်ငန်းများထိရောက်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အတွင်း စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်းများကို မြစ်ကြီးနားမြို့တွင်(၃)ကြိမ်၊ မန္တလေးမြို့တွင်(၁)ကြိမ်၊ ဖားကန့်မြို့တွင်(၁)ကြိမ်၊ မြဝတီမြို့တွင်(၁)ကြိမ် စုစုပေါင်း(၆)ကြိမ်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီးစခန်း၊ စခန်းနှင့်ရပ်ရွာ၊ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသပြီး သူများ ပြန်လည်ထူထောင်ရေးသင်တန်းများကို မြစ်ကြီးနားပြန်လည်ထူထောင်ရေး စခန်းတွင်(၁)ကြိမ်၊ မန္တလေးပြန်လည်ထူထောင်ရေး စခန်းတွင် (၂)ကြိမ်၊ ရန်ကုန် ပြန်လည်ထူထောင်ရေးစခန်းတွင်(၁)ကြိမ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်တွင်(၁)ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့တွင်(၂)ကြိမ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင်(၂)ကြိမ်၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် (၁)ကြိမ် စုစုပေါင်း(၁၀)ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


