နေပြည်တော်  ၂  နိုဝင်ဘာ

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ယနေ့ နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲများ ပေးကြသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဇနီး ဒေါ်လှလှမူ တို့သည် နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဇနီး ဒေါက်တာနန်းခမ်းမိုင် တို့သည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဇနီး ဒေါ်စိုးစိုးကို တို့သည် နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးသာဦး တို့သည် နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြသည်။

 

D 6+

 

ထို့နောက် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။

 

ထို့ပြင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသက်(၆၀)နှစ်နှင့် အထက် ရှိသူများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ရန်အတွက် ကြိုတင်ဆန္ဒမဲပေးရန် အမှန်တကယ် လိုအပ်သူများသည် ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး ကြကာ ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြ သည်။

 

soe

 

နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးရန် မဲရုံ ၃ ရုံရှိပြီး မဲရုံအမှတ်(၁)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၃၇ ဦး၊ အသက် ၆၀ နှစ်နှင့် အထက်ရှိသူ ၂၉၆ ဦး၊ မဲရုံအမှတ် (၂)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၂၅ ဦး၊ အသက် ၆၀ နှစ်နှင့် အထက်ရှိသူ ၁၄၂ ဦး၊ မဲရုံအမှတ်(၃)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၃၄ ဦး၊ အသက် ၆၀ နှစ်နှင့် အထက်ရှိသူ ၄၈ ဦးရှိကြောင်း သိရသည်။

 

ထို့အတူ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်းရှိ မဲရုံများ၌လည်း ယနေ့တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများလည်း လာရောက်၍ ဆန္ဒမဲပေးကြကြောင်းနှင့် လက်ရှိ စာရင်းများအရ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း (၁၄)အုပ်စု၊ မဲရုံ (၄၅)ရုံ၊ မဲပေးခွင့်ရှိသူ ၈၉၈၁၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း (၁၀) အုပ်စု၊ မဲရုံ (၂၀)၊ မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း (၃၆) အုပ်စု၊ မဲရုံ (၁၀၁)ရုံ၊ မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦး၊ လယ်ဝေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း (၆၇) အုပ်စု၊ မဲရုံ (၁၄၄)ရုံ၊ မဲပေးခွင့် ရှိသူ ၂၁၈၆၇၁ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်