နေပြည်တော် ဇူလိုင် ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများနှင့် ဌာနဆိုင်ရာများကို ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။ 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသသည် သင့်တင့်လျှောက်ပတ် ကောင်းမွန်သည့် ရာသီဥတုအခြေအနေများ၊ နှစ်သက်ဖွယ်ရာ ဒေသထွက်အစားအစာများနှင့် ရာသီအလိုက် ကျင်းပပြုလုပ်သော ပွဲတော်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ပါဝင်စားစွာ သွားလာလည်ပတ်လျက်ရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဒေသ၏ အားသာချက်များကို အသုံးချ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင်  ပြည်တွင်းခရီးသွားလာမှုမှာ သိသိသာသာ ပြန်လည်မြင့်တက် လာပါကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များပါ လာရောက်လည်ပတ်နိုင်ရန် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းစဉ်အတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် အားလုံးအဆင်သင့်ဖြစ်နေအောင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် က ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

အလားတူ ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် သည် မန္တလေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းဖွဲ့များမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများကို မင်္ဂလာမန္တလေးဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီး က ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ် သည့်အတွက် ကဏ္ဍအားလုံးနှင့် ပတ်သက်ဆက်နွယ်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်လာပါက ဆက်စပ်လုပ်ငန်းများအားလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ခရီးသွား လုပ်ငန်းကို ဆက်လက်ရှင်သန်အောင် ဦးစွာဆောင်ရွက်ပြီးမှ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် မန္တလေးမြို့ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းဖွဲ့များမှ တာဝန်ရှိသူများ က ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံး ခွဲသို့သွားရောက်ကာ ရုံးခွဲတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်