နေပြည်တော် နိုဝင်ဘာ ၁၆

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှုဆောင်အဖွဲ့ဝင်များနှင့် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ ဥက္ကဋ္ဌ ဦးဆောင်သော အမှုဆောင်အဖွဲ့ဝင်များနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေသည့်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများက မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီအချင်းချင်း စည်းစည်းလုံးလုံး ဆောင်ရွက်ကြစေလိုကြောင်း၊ပြည်ပအလုပ်အကိုင် အကျိုးဆောင် လုပ်ငန်းဆောင်ရွက်ရာတွင်  အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များအပေါ် အပြည့်အဝ တာဝန်ယူပြီး လုပ်ငန်းကိုစိတ်ပါဝင်စား၍ ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းအားပေးပါကြောင်း။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၄၈၇ ခုနှင့် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၄၇ ခု ရှိကြောင်း၊ ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များ နှင့်စပ်လျဉ်းပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့၍ အလုပ်သမားသံအရာရှိများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးရန်လိုကြောင်းနှင့် မိမိတို့စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီခေါင်းဆောင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အခက်အခဲများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး  ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန် အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ပြေလည်အောင်ဖြေရှင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်