ရန်ကုန် ၉  သြဂုတ် 


မြန်မာ့ကြံသကြား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြံသကြားလုပ်ငန်းနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် Sugar Forum ကို စက်တင်ဘာလဆန်းအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။


ကြံစိုက်တာကနေ သကြားထုတ်လုပ်မယ်။ တင်ပို့၊ တင်သွင်းတာတွေအထိ အဆင်ပြေဖို့ Sugar Forum လုပ်မှာပါ။ ကြံကနေ အခု သကြားတစ်မျိုးပဲ ထုတ်နေတယ်ဆိုတော့ အီသနောထုတ်မယ်၊ လျှပ်စစ်ထုတ်မယ် ဆိုတာတွေပါ ပါလာအောင် လုပ်တာပါဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးက ပြောဆိုသည်။


မြန်မာနိုင်ငံအနေနှင့် လက်ရှိတွင် ကြံမှ သကြားတစ်မျိုးတည်းကိုသာ ထုတ်လုပ်နေသောကြောင့် အခြားအမယ်များ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ကြံ၊ သကြားကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက်ပါ Sugar Forum ကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း သကြားကို အရည်ဖျော်၍ တင်လဲရည်အဖြစ် ပြောင်းလဲထုတ်လုပ်ကာ ပြည်ပတင်ပို့ရန် ကြံသကြားလုပ်ငန်းရှင်များကို တိုက်တွန်း ပြောကြားထားသည်။


တရုတ်က သကြားကို အတုံးအခဲကျ လက်မခံဘဲ အရည်ဖျော်ပြီးတော့ သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း စသဖြင့် အချိုးအစားနဲ့ တင်လဲရည်အဖြစ် လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆိုရင် တင်လဲရည်စပ်တဲ့ စက်တွေလည်း ပေါ်လာပါပြီဟု ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။


တင်လဲရည်အဖြစ် ပြောင်းလဲတင်ပို့ခြင်းကိုသာ တရုတ်ဘက်က လက်ခံခြင်းကြောင့် ကြားနှင့်ကြံလုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေးကို ပိုမို ဂရုစိုက်ပြီး တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။


တရုတ်နိုင်ငံ၏ နှစ်စဉ်သကြားလိုအပ်ချက်သည့် တန်ချိန် (၁၆) သန်းနီးပါးအထိ ရှိနေပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန်ချိန် (၁၀) သန်းဝန်းကျင်သာ ထုတ်လုပ်နိုင်သည့်အတွက် တန်ချိန် (၆)သန်းခန့်လိုအပ်ချက်ရှိကြောင်း သိရသည်။


သူရိန်ကျော်