ငါန်းဇွန် သြဂုတ် ၂၆
မြန်မာ့လက်မှုအနုပညာ ပန်း(၁၀)မျိုးတွင် ပါဝင်သည့် ပန်းပဲပညာရပ်များ လက်ဆင့်ကမ်းသင်ယူမှု နည်းပါးလာ၍ ပန်းပဲပညာရပ်များ ပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်လို့ ပန်းပဲပညာရှင်များက ပြောသည်။
"ကျွန်တော်မှာ ပန်းပဲပညာ သင်ယူမယ့်သူမရှိပါဘူး။ နောင်ဆို ပန်းပဲပညာတွေ ပျောက်သွားမှာတောင် စိုးရိမ်ရပါတယ်၊ ကျွန်တော့်တူတွေ၊ ညီတွေ မေးကြည့်တယ်ပေါ့နော်။ ငါသင်ပေးမယ် လုပ်မလားဆိုတော့ သူတို့ဝါသနာမပါကြဘူး။ ဒီလုပ်ငန်းက သူတို့အမြင် ပင်ပန်းတယ်လေ။ တကယ်လည်း ပင်ပန်းပါတယ်။ သံကို မီးထဲထည့်ပြီး သံရဲ့အပူရှိန် မအေးအောင် အမြန်လုပ်ရတာဆိုတော့ အတော်လေးပန်းပါတယ်"ဟု ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာနေ ပန်းပဲပညာရှင် ဦးဝင်းဇော်က ပြောသည်။
ပန်းပဲလုပ်ငန်းတွင် တောင်သူသုံး ပစ္စည်းများဖြစ်သည့် ဓား၊ ပေါက်ပြား၊ တံစဉ်း၊ ဂေါ်၊ ငန်းပြား၊ ထွန်ခြစ် အစရှိသည်တို့အပြင် ဗိုင်းငင်ရာတွင် အသုံးပြုသည့် သံ၊ လွန်း၊ လွန်းဆံ၊ ဝင်ရိုး စသည့် အိမ်သုံးသံပစ္စည်းအမျိုးမျိုးကို ထုလုပ်ကြကြောင်း သိရသည်။
ထွန်းသာကျေးရွာတွင် ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းဇော် တစ်ဦးထဲသာရှိတော့ပြီး ၄င်း၏ပညာအမွေ ဆက်ခံသူ မရှိသေးဘဲ ၄င်း၏ပန်းပဲလုပ်ငန်းမှ ပြုလုပ်သော ဓား၊ တံစဉ်းတို့ကို ၄င်း၏ အမျိုးသမီးဖြစ်သူ မစန်းစန်းအေးမှ အသိမိတ်ဆွေများရှိရာ ဒေသများသို့ သွားရောက်ရောင်းချလေ့ရှိကြောင်း သိရသည်။
"ကျွန်မတို့ ပန်းပဲဖိုကထွက်တဲ့ ဓားရှည်၊ ဓားမ၊ ကြက်သွန်လှီးဓားတွေကို အသိမိတ်ဆွေတွေရှိတဲ့ ဒေသတွေ၊ မတ္တရာနယ်တွေ သွားရောင်းတယ်။ အစကတော့ ရောင်းလို့ကောင်းတာပေါ့။ တံစဉ်းက တရုတ်တံစဉ်းတွေ ပေါ်လာတော့ သွားမရောင်းတော့ပါဘူး။ ဓားကတော့ နည်းနည်းပါးပါး ရောင်းရသေးတယ်လေ။ ကြက်သွန်လှီးဓားတွေ ဓားရှည်လေးတွေကို ဓားကောင်းကြိုက်တဲ့သူတွေ မှာယူရင်တော့ ရောင်းရပါသေးတယ်။ ဗိုင်းချည် ယက္ကန်းလုပ်တဲ့ ဝင်ရိုးလေးတွေဆို အရင်ကရောင်းရပေမယ့် ခုမရောင်းရတော့ပါဘူး"ဟု မစန်းစန်းအေးက ပြောသည်။
တရုတ်စောင်များ ပေါ်လာသဖြင့် သုံးစွဲသူများမှလည်း ဈေးနှုန်းချိုသာသော တရုတ်စောင်များကိုသာ အသုံးပြုနေသဖြင့် ဗိုင်းချည်ယက္ကန်းလုပ်ငန်းများလည်း လျော့နည်းလာကာ ဗိုင်းချည်ယက္ကန်းလုပ်ရာတွင် အသုံးပြုသော သံဝင်ရိုးများမှာ ယခင်က လုပ်ကိုင်ရောင်းချခဲ့ရသော်လည်း ယခုအချိန်တွင် လုပ်ကိုင်းရောင်းချရခြင်းများ မရှိတော့ကြောင်း ပန်းပဲလုပ်ကိုင်သူများက ပြောသည်။
ပန်းပဲ လက်မှုပညာမှာ သင်ယူရတာ ကြာမြင့်ခြင်း၊ မီးအပူနှင့် သံအပူတို့၏ အပူရှိန်ခံစားရခြင်းအပြင် ပန်းပဲထုရာတွင်လည်း သံ၏အပူရှိန်မကျခင် သံကို မိမိလိုရာ ပုံကြအောင် ထုရခြင်းကြောင့် ပင်ပန်းခြင်း စသည့်အချက်များအပြင် ပန်းပဲလုပ်ငန်း၏ အဓိကထုတ်ကုန်များဖြစ်သော ဓား၊ သံစဉ်း တို့မှာလည်း တရုတ်ပြည်မှ တန်ဖိုးချိုသည့် ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းကြောင့် ပန်းပဲလုပ်ငန်းများ လုပ်ကိုင်ရောင်းချရမှု နည်းလာပြီး လုပ်ငန်းအဆင်မပြေခြင်းများအပြင် ပန်းပဲပညာ သင်ယူသူ နည်းပါးလာခြင်းဖြစ်ကြောင်း ငါန်းဇွန်ရှိ ပန်းပဲပညာရှင်တွေက ပြောသည်။
ဘိုဘို(မလှိုင်)


