နေပြည်တော်  အောက်တိုဘာ  ၇

 

ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။

 

ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ သီရိ မင်္ဂလာဝဲကြီးပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ မုဒိတာပွားနိုင်စေရန်အတွက် အလှူရှင်စာရင်းကို ဖတ်ကြားကြေညာပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ပင်တိုင်အလှူရှင် ဦးမျိုးအောင်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပါဠိတက္ကသိုလ်မ င်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)