ရန်ကုန်  ၂   ဇွန် 

 

ပန်းတစ်ပွင့်တောင် ထီးတော်သစ်တင်လှူပွဲအခမ်းအနား၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသားသစ်ကြိုဆိုပွဲ အခမ်းအနားနှင့် ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒါစရိယဆရာတော်ကြီးများအား အသိအမှတ်ပြုလက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်  ၇  နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ ဧည့်ပရိသတ်များက (၉)ပါးသီလခံယူ ဆောက်တည်ကြသည်။

 

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒါစရိယဆရာတော်ကြီးများအား အသိအမှတ်ပြု လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် စကြာရှင်ဇမ္ဗူအေး တစ်ဆယ့်တစ်မီးငြိမ်း စေတီတော်မြတ်ကြီး ထီးတော်သစ်အတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် တက္ကသိုလ်၏ သြဝါဒါစရိယဆရာတော်ကြီးများ ကိုယ်စား တက္ကသိုလ်၏ သြဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရေစကြိုဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒသာရ ထံမှ သြဝါဒကထာ နာယူကြသည်။

 

ထို့နောက် ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပညာသာရ က ကျေးဇူးတင်ဝမ်းမြောက်စကား မြွက်ကြားချီးမြှင့်သည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး ကြွရောက်တော်မူ လာကြသည့် ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ဆက်လက်၍ ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ အဓိပတိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ အရှင်သူမြတ် ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

 

ge DSC_0