ပန်းတနော် ၁၃ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များမျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ပန်းတနော်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ပန်းတနော်မြစ် (River View)၌ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဇော်မင်းဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးလှအောင်သိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများက ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ ၁ သိန်း၊ ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ ၇ သောင်း၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၃ သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂ သိန်းအား ပန်းတနော်မြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဗောဓိ၊ မင်းဆယ်၊ ဒေါဝါးစသည့် ရေတံခါးများ၊ စပါးစိုက်ခင်းများ၊ သဘာဝမြစ်ချောင်းရေပြင်များနှင့် ပန်းတနော်မြစ်အတွင်းသို့ ငါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၈ သိန်းခန့် ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)