ပန်းတနော်၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက် ၈ နာရီက တောကျောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၃)ရွာတို့တွင် လူနေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရသည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စု ကျောင်းတော်ကလေးကျေးရွာရှိ နေအိမ် (၅)လုံး၊ နံဂါတ်ရိုးကျေးရွာရှိ နေအိမ် (၁)လုံး၊ နံဂါတ်ကျေးရွာရှိ နေအိမ် (၁၁)လုံး စုစုပေါင်း နေအိမ် (၁၇)လုံး၊ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ စုစုပေါင်း (၆၉)ဦး တို့ကို ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့်ဆွေမျိုးသားချင်းနေအိမ်များ၌ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့်မြေကွက်လပ်များပေါ်သို့ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ကြိုတင်ပြောင်းရွေ့ရသည့်အတွက် ပြောင်းရွှေ့စရိတ် သစ်အိမ် (၁)လုံးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် သစ်အိမ် (၃)လုံးအတွက် ငွေကျပ် ၃၀၀၀၀၀နှင့် ဝါးအိမ် (၁)လုံးလျှင် ငွေကျပ် ၅၀၀၀၀နှုန်းဖြင့် ဝါးအိမ် (၁၄)လုံးအတွက် ငွေကျပ် ၇၀၀၀၀၀ ကုန်ကျခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)