ပန်းတနော်၊ ဇူလိုင် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဇူလိုင် ၂၅ ရက် မွန်းလွဲ ၃ နာရီက ကဿဝင်ကျေးရွာအုပ်စုနှင့် တောကျောင်းကျေးရွာ အုပ်စုတို့တွင် နေအိမ် ၃၃ လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု  ကဇင်းတောကျောင်းစုကျေးရွာတွင် နေအိမ် ၁၀ လုံးနှင့် တောကျောင်းကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာတွင် နေအိမ် ၉ လုံး၊ နံဂါတ်ကျေးရွာတွင် နေအိမ် ၁၁ လုံး၊ ကျောင်းတော်ကျေးရွာတွင် နေအိမ် ၂ လုံး၊ နံဂါတ်ရိုး ကျေးရွာတွင် နေအိမ် ၁ လုံး စုစုပေါင်း လူနေအိမ် ၃၃ လုံး၊ အိမ်ထောင်စု (၃၃)စုတို့သည် နီးစပ်သည့် ဆွေမျိုးသားချင်းနေအိမ်များ၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်လပ်များပေါ်တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)