ပန်ဝါ ၄ ဇူလိုင်
မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ပန်ဝါမြို့ နယ်စပ်စစ်ဆေးရေး ဂိတ်အနီး တရုတ်ဘက်ခြမ်း ၁၀ မီတာအတွင်း၌ ဘာဂျာ သံတံခါး(ထိုးတံခါး) အလျား ၁၀ ပေ၊ အနံသုံးပေ၊ အမြင့် ခြောက်ပေခန့်ရှိသော ကွန်ကရစ်အဆောက်အဦ (ဝဲပုံ)ဆောက်လုပ်နေကြောင်း သတင်းရရှိ၍ ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ပန်ဝါနယ်စပ်ဂိတ်မှူး ရဲအုပ်မောင်ဇော်နှင့် ပန်ဝါဒေသခံ တရုတ်စကားပြန်နှင့် သွားရောက်စုံစမ်းမေးမြန်းခဲ့သည်။
အဆိုပါဆောက်လုပ်နေသော အဆောက်အဦနှင့် ပတ်သက်၍ တရုတ်ဘက်ခြမ်းစစ်ဆေးရေးဂိတ်မှူး မစ္စတာ လျှူယုန်းချန်းနှင့် တွေ့ဆုံပြီး ဆောက်လုပ်နေသော အဆောက် အဦသည် တရုတ်ဘက်ခြမ်း နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ ၁၀ မီတာအတွင်း သုံးမီတာခန့်ကျရောက်နေကြောင်းနှင့် ယင်း အဆောက်အဦကို သုံးမီတာခန့် နောက်ဆုတ်ပေးရန် ပြောဆို ညှိနှိုင်းခဲ့ရာ တရုတ်ဘက်ခြမ်းစစ်ဆေးရေးဂိတ်မှူးက အဆောက် အဦကို ဖျက်သိမ်းပြီး နောက်ဆုတ်၍ ဆောက်လုပ်မည် ဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲညွန့်(ပြန်/ဆက်)


