နေပြည်တော် ဇွန် ၆

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဒေါက်တာအောင်ဇေယျ၊ ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကျင်းပသွားမည်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးတွင် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားအစီအစဉ်များကို သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်နှင့် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆောင်ရွက်ခဲ့မှုများနှင့်ပေါင်းစပ်ပြီးကျင်းပလျှင် သင့်တော်မည်ဟုအကြံပြုလိုပါကြောင်း၊ အနုပညာရှင်၊ အတတ်ပညာရှင်များလည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်လိုသည်များကို အသေးစိတ်ဆွေးနွေးကြစေလိုပါကြောင်း။

အနှစ်သာရရှိသည့်ပွဲတော်ကြီးတစ်ခုဖြစ်

အကြမ်းဖျင်းအားဖြင့် ဖွင့်ပွဲကို ခမ်းခမ်းနားနားကျင်းပရန် လျာထားပါကြောင်း၊ ပိတ်ပွဲအခမ်းအနားတွင် ဘောလုံးပွဲစဉ်၊ အမျိုးသားအားကစား ပွဲတော်ဂုဏ်ပြုတေးသီချင်းများ၊ စုပေါင်းသရုပ်ပြဖျော်ဖြေတင်ဆက်မှု အစီအစဉ်များဖြင့် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်သည် အမျိုးသားရေးအတွက် အနှစ်သာရရှိသည့် ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ မျိုးချစ်စိတ်ကိုဖော်ညွှန်းသည့် တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲမည့် ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာလူမျိုးဖြစ်ရသည်ကို ဂုဏ်ယူသည့်စိတ်ဖြစ်အောင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြည့်ရှုခံစားခဲ့ရသည့် စိတ်ခံစားမှုမျိုး ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကြိုးစားလိုသည့် အားမာန်များရရှိစေမည်

 ပွဲတော်တစ်ပွဲ၏အနှစ်သာရသည် ဖွင့်ပွဲတွင်မူတည်ပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုပြီးမျိုးချစ်စိတ်၊ စည်းလုံးမှု၊ နိုင်ငံအတွက်တိုးတက်အောင် ကြိုးစားလိုသည့်အားမာန်များ ရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အားလုံးပူးပေါင်းပါဝင်သည့် ပွဲတော်ဖြစ်သည့်အတွက် အဓိပ္ပာယ်လေးနက်ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပိုမိုကောင်းမွန်သောအကြံပြုချက်များကို ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံ့ဂုဏ်ဆောင်ပွဲတစ်ခုတွင် အဓိကကျသည်မှာ ဖွင့်ပွဲနှင့်ပိတ်ပွဲဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအစီအစဉ် (မူကြမ်း) ကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲတွင် နိုင်ငံတော်အလံကို Free Fall လေထီးဖြင့် ကွင်းအတွင်းသို့ သယ်ဆောင်လွှင့်တင်မည်ဖြစ်ပြီး အဖွင့်သီချင်းကို အနုပညာရှင်များ၊ ကျောင်းသားကျောင်းသူများက သီဆိုကပြဖျော်ဖြေမည်ဖြစ်ပါကြောင်း။

အစီအစဉ် ၁၇ ခုဖြင့် ကျင်းပရန်လျာထား

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါကြောင်း၊ ဖွင့်ပွဲကို အစီအစဉ် ၁၇ ခုဖြင့် ကျင်းပရန်လျာထားပါကြောင်း၊ ယခင်ကျင်းပခဲ့သည့်ပွဲတော်များကိုမှီငြမ်း၍ ဖွင့်ပွဲနှင့်ပိတ်ပွဲအစီအစဉ်များကို လျာထားခြင်းဖြစ်ပြီး လိုအပ်သလိုဝိုင်းဝန်းဖြည့်စွက်အကြံပြု ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က နိုင်ငံတော်အဆင့်ပွဲတော်ဖြစ်သည့်အတွက် ထူးထူးခြားခြားဖြစ်စေလိုပါကြောင်း၊ ပွဲတော်၏ဖွင့်ပွဲနှင့် ပိတ်ပွဲတွင်ဆောင်ရွက်မည့် Performance၊ ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာအဆင့်မီ ဖြစ်စေလိုပါကြောင်း၊ မိမိတက်ရောက်ခဲ့သည့်ပွဲတော်များ၏ Per-formance များ၊ Stage အပြင်အဆင်များ၊ မီးအလင်းအမှောင်ဒီဇိုင်းများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဂုဏ်ဆောင် အားကစားပွဲတော်ကြီးအဖြစ် ရသပေါ်လွင်အောင် ကျင်းပသွားမည်ဖြစ်ပြီး အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲပိတ်ပွဲအစီအစဉ်များရေးဆွဲရာတွင် အဓိကအခြေခံရမည့်အချက်၊ အစီအစဉ်လျာထားချက်များ၊ ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားတွင် သရုပ်ပြသီဆိုဖျော်ဖြေတင်ဆက်မည့် တေးသီချင်း၊ တေးသရုပ်ဖော်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တက်ရောက်လာသူများက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်