နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ် ရုရှား - မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်း ရယ်ရှဲသငြိကော့ဗ် တို့ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်သည်။
အဆိုပါကော်မရှင်အစည်းအဝေးကို သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့ဖြင့် အပိုင်း ၄ ပိုင်း ခွဲ၍ ကျင်းပပြုလုပ်သည်။
ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အိစ်ကန်ဒဲ အာဇီဇော့ဖ်တို့က အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် အချိန်မှစပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ - Eurasian Economic Union (EAEU) နှင့် ပူးပေါင်းကာ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး ရုရှားနိုင်ငံအနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများရှိပါကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့် မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲလျက် ရှိကြောင်း၊ ယခုအစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ကာ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရုရှားဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်းရယ်ရှဲသငြိကော့ဗ်က စတုတ္ထအကြိမ် ကော်မရှင်အစည်းအဝေး ကျင်းပပြီး နောက်ပိုင်း ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံအဆောက်အအုံစီမံကိန်းများ၊ ဘဏ်လုပ်ငန်း ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာစီးပွားရေး လုပ်ငန်းများကိုလည်း ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိကြောင်း၊ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် က မြန်မာ-ရုရှား ကုန်သွယ်မှု ပမာဏတိုးမြင့်ရေးအတွက် စွမ်းအင်၊ နျူကလီးယား နယ်ပယ်၊ စိုက်ပျိုးရေးနှင့် သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် အစီအစဉ်အရ မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ မြန်မာဘက်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လည်းကောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ရုရှားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ ကလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ပဉ္စမအကြိမ် ကော်မရှင်အစည်းအဝေးတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးနိုင်မည့် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဘူမိဗေဒဆိုင်ရာ လေ့လာရှာဖွေမှု၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အဏုမြူစွမ်းအင် အသုံးပြုမှု၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေး နည်းပညာနှင့် သတင်းမီဒီယာ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ စက်မှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် အားကစား၊ အလုပ်သမား၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသစူးစမ်းရှာဖွေရေးနှင့် အသုံးပြုရေး၊ Circular Economy နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များပါဝင်သည့် ဆွေးနွေးမှုမှတ်တမ်းတို့ကို ကော်မရှင်ပူးတွဲ ဥက္ကဋ္ဌများက အတည်ပြု လဲလှယ်ခဲ့ပြီး ပဉ္စမအကြိမ် မြန်မာ - ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်သည်။
မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို သက်ဆိုင် ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေး ဖိုရမ်ကို ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက ဦးဆောင်ကျင်းပပြီး အဖွင့်အမှာ စကားများ ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲ (၁) အဖြစ် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စကားဝိုင်း၊ စကားဝိုင်း ဆွေးနွေးပွဲ (၂) အဖြစ် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စကားဝိုင်းနှင့် စကားဝိုင်းဆွေးနွေးပွဲ (၃) အဖြစ် အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းကို ကျင်းပကြပြီး နှစ်နိုင်ငံအစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တက်ကြွစွာပါဝင် ဆွေးနွေးကြသည်။
အဆိုပါ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး၌ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီ အစည်းအဝေး၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့သို့ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နှစ်နိုင်ငံကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မြန်မာ-ရုရှား စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်