နေပြည်တော် ၁ ဇူလိုင်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုစေရန်ရည်ရွယ်ကာ မုန့်အမျိုးမျိုးပြုလုပ်နည်း (အခမဲ့) သင်တန်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦးမှ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရေပေးဝေရေးလုပ်ငန်း၊ မီးလင်းရေး လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ လူထုဗဟိုပြစီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် အတက်ပညာသင်တန်းများကို သင်ကြားပေးလျှက်ရှိ ကြောင်း၊ ယခု မုန့်အမျိုးမျိူးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုစေမှာဖြစ်ပြီး ကျေးလက်နေပြည်သူများ အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် စိတ်ပါဝင်စားစွာမှတ်သားကြရန်နှင့် သင်တန်း စည်းကမ်းများကို လိုက်နာပြီး ပျက်ရက်မရှိ သင်ယူကာ သင်တန်းပြီးဆုံးသွားပါက ကိုယ်ပိုင်အိမ်ဆိုင် (သို့မဟုတ်)အခြားဖောက်သည်ဆိုင်များတွင် ပေးပို့ရောင်းချနိုင်မည်ဖြစ်သောကြောင့် မိသားစုစီးပွား ဘဝဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မုန့်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းတွင် သင်ကြားပေးမည့် သင်တန်းနည်းပြ ဆရာမမှ သင်ကြားမည် ဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပေးသည်။
သင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ မြို့ပေါ်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၂)ဦးတက်ရောက်ပြီး၊ ဇူလိုင် (၁)ရက်မှ ဇူလိုင်(၁၂)ရက်နေ့အထိ (၁၄)ရက်တိုင်တိုင် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


