နေပြည်တော် ၁၂ ဇူလိုင်

ပထမအကြိမ် ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစီအစဉ် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး (First BIMSTEC Ministerial Meeting on Agriculture – 1 st BAMM) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel , Grand Ball Room ၌ ကျင်းပသည်။

အခမ်းအနားသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဘင်းမ်စတက် နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းထွက်ကုန်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံ ရှိပြီး လူဦးရေ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိလူဦးရေ၏ ၂၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုညီမျှခြင်းမရှိသော်လည်း တူညီသော စိန်ခေါ်မှုများရှိနေသည့်အတွက် စီးပွားရေးပေါင်းစည်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေး၊ ဆင်းရဲမှုပပျောက်စေရေး၊ အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်စေရေး၊ စီးပွားရေးတိုးတက်မှုညီမျှစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နီပေါနိုင်ငံတွင်ကျင်းပခဲ့သည့် (၄)ကြိမ် မြောက်ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တိုးမြင့်ဆောင်ရွက်သင့်ပါကြောင်း၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ဘင်းမ်စတက် ဒေသတွင်းရှိ ပူးပေါင်းဆောင်ရွက်မှု ဧရိယာ(၁၄)ခုအနက်တစ်ခုဖြစ်ပြီး ယခု ကျင်းပပြုလုပ်သည့်အစည်းအဝေး၏ ဆောင်ပုဒ်သည်"စားနပ်ရိက္ခာဖူလုံရေးနှင့် အဟာရပြည့်ဝ စေရေးအတွက် ရာသီဥတုပြောင်းလဲမှုအားခံနိုင်ငံရည်ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးမှတစ်ဆင့် စိုက်ပျိုးထုတ်လုပ်သူများ သာယာဝပြောစေရေး" ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ပုဒ်သည် ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့စေရေး ပန်းတိုင်အထူးသဖြင့် ဆင်းရဲမှုနှင့် ငတ်မွတ် ခေါင်းပါးမှုပပျောက်စေရေးပန်းတိုင်နှင့် တိုက်ရိုက်ဆက်စပ်မှုရှိပါကြောင်း၊ ပထမအကြိမ် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့အစည်းအဝေးကို ၂၀ဝ၇ခုနှစ်တွင်နေပြည်တော်၌ ကျင်းပနိုင်ခဲ့ပြီး ယခုပထမအကြိမ် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကိုအိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်သည့် အတွက်များစွာ ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ထို့နောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး အထွေထွေအတွင်းရေးမှူးချုပ်၊ Ambassador M.Shahidul Islam က အမှာစကားပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘင်းမ်စတက် စိုက်ပျိုး ရေးဆိုင်ရာဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

ဆက်လက်၍ ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို အဆိုပါဟိုတယ် သရဖီခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက ဘင်းမ်စတက်နိုင်ငံများအကြားစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက် သင့်သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်မှုပြုခြင်း၊ ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ်ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို အတည်ပြုလက်ခံခြင်း၊ အစည်းအဝေးတွင် ထုတ်ပြန်မည့်ပူးတွဲကြေညာချက်မူကြမ်း အပေါ်ညှိနှိုင်းဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် ဒုတိယအကြိမ်ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး ကျင်းပမည့်နေ့ရက်၊ နေရာနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ဆောင်ရွက်ကြပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ကြသည်။

အစည်းအဝေးအပြီးတွင် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ၊ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိများသည် Gem Museum၊ Rice Processing Complex ၊ စိုက်ပျိုးရေးသုသေတနဦးစီးဌာနရှိမျိုးစေ့ဘဏ်နှင့် ရိတ်သိမ်းချိန်လွန်သုတေသနဌာနတို့ကို သွားရောက်လေ့လာကြသည်။

(သတင်းစဉ်)