ပုသိမ် ၁၄ ဇူလိုင်

 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းဝေးတွင် ခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ခွဲဝင်များကို မျှဝေအသိပေးခြင်းဖြစ်ပြီး လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ခရိုင်ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မှန်မှန်ကန်ကန်နှင့် ဘက်မလိုက်ဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အစည်းဝေးသို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ၊ ပုသိမ်ခရိုင်တာဝန်ခံ ဒေါ်လှလှမွန် တက်ရောက်ဆွေးနွေးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လူအင်အားမပြည့်သည့်အတွက် ဌာနဆိုင်ရာများမှ လူအင်အားထုတ်ပေးနိုင်ရန်၊ မဲစာရင်းများတွင် မှတ်ပုံတင်မရှိသေးသည့် မဲဆန္ဒရှင်များအား မှတ်ပုံတင်ရရှိရေး ဆွေးနွေးသည်။

 

ဆက်လက်၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်နိုင်ဦးက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များမှ နောက်ဆုံး စိစစ်ရန်ဆောင်ရွက်နေသည့် မဲစာရင်းများတွင် မှတ်ပုံတင်နံပါတ်မရရှိသေးသည့် မဲဆန္ဒရှင်များ မှတ်ပုံတင်အမြန်ဆုံးရရှိရေး ကိစ္စရပ်များ၊ ရွေးကောက်ပွဲ အသုံးစရိတ်များနှင့် ထောက်ပံ့ရရှိမှုအခြေနေများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုအတွက် ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ မဲရုံမှူးသင်တန်းဖွင့်လှစ်သည့်အချိန်နှင့် ဆန္ဒမဲပေးသည့်အချိန်များတွင် ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးသည်။

 

ထို့နောက် အစည်းဝေးတက်ရောက်လာကြသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများက မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့သည်။ အစည်းဝေးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရက်ကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၇ ရက်အထိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် စတင်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာ စိစစ်မည့်ရက်ကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

 

ခင်စန္ဒာဆွေ(ပြန်/ဆက်)

 

mdn