နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ ပြည်သူလူထု၏လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပပြီးစီး
နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက် ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ထိုသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၊ အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ပျက်စီးစေပြီး ရွေးကောက်ပွဲ အထမမြောက်စေလိုသူ အကြမ်းဖက်သမားများက အေးချမ်းစွာဆန္ဒမဲပေးမှုများ ဆောင်ရွက်နေကြသည့် မဲဆန္ဒရှင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရေးအတွက် နှောင့်ယှက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ဇန်နဝါရီ ၁၁ ရက်တွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ သေဆုံး၊ ဒဏ်ရာရ၊ အထိတ်တလန့်ဖြစ်စေပြီး ရွေးကောက်ပွဲ အထမမြောက်စေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားအုပ်စုသည် ကယားပြည်နယ် ဖရူဆိုမြို့အတွင်းသို့ Drone များ အသုံးပြု၍ Drop Bomb ချ တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကမ်းကြီးအုပ်စု တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များအတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့များအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသဖြင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပြီး ဝန်ထမ်းနှစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက် အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် ပြည်သူလူထုက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်သည့် လမ်းကြောင်းဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိစေရေး၊ အစိုးရနှင့် ပြည်သူလက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့တွင် နှောင့်နှေးစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန်အတွက် ရွေးကောက်ပွဲ အကြိုကာလများမှ စတင်၍ အသံမိုင်းများ၊ လက်လုပ်မိုင်းများနှင့် Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်း၊ ပြည်ဖျက် ပြည်ပြေး မီဒီယာများမှတစ်ဆင့် မမှန်မကန် ဝါဒဖြန့်လုပ်ကြံရေးသားဖြန့်ဝေခြင်း စသည်ဖြင့် နည်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း ပြည်သူလူထုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အစိုးရနှင့် ပြည်သူလက်တွဲ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကို နှောင့်ယှက်ဖျက်ဆီးမှုများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး သိမ်မွေ့သောနည်းလမ်းဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကို ထောက်ခံကြိုဆိုကြသည့်၊ နိုင်ငံတော်အေးချမ်းသာယာမှုနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုကို လိုလားကြသည့် တာဝန်သိပြည်သူများ အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ၊ သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် တိုက်တွန်းသတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်


