နေပြည်တော်၊ အောက်တိုဘာ ၂၁

 

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ လွှတ်တော်ရုံးဟောင်း အစည်းအဝေးခန်းမ၌ နိုင်ငံ‌ရေးပါတီ (၆) ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ အပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှာကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀,၀၀၀ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ် ရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည် မဟုတ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးပါတီများ ထူထောင်မှုကို စနစ်တကျ ဖြစ်စေရန် ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင် မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ အမှတ်စဉ် (၅) ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန် ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာ တက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့်ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီ နည်းပညာများ အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင် များ၏ အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် ဆောင်ရွက် နေမှုများကို ပြောကြားခသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော်က မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီဝင်အင်အားစာရင်း တင်ပြထားသည့် နိုင်ငံရေးပါတီ ၆ ပါတီ၏ ပါတီဝင်အင်အားစာရင်းများအား ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီး လူမှုရေးရာဝန်ကြီး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ပါတီဝင် အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီ ဥက္ကဋ္ဌများက အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

အဆိုပါ‌ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အရာရှိများ၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်