နေပြည်တော် ၂၆ သြဂုတ်
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) အတည်ပြုနိုင်ရေးနှင့် Technical Working Group ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးခြင်းများအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ အတွက် မိမိတို့အနေဖြင့် အမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်း၍ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ယနေ့အစည်းအဝေး၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်အမှတ် ၂၀၁၆၊ အပိုဒ် (၁၀)အရ အကောင်အထည်ဖေါ်ရမည့် အချက်(၃)ချက်နှင့် ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ(၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုနိုင်ရေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီး၏ သဘောထားမှတ်ချက်များ ရယူခဲ့ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ သဘောထား အကြံပြုချက်များကိုလည်း ရယူခဲ့ပါကြောင်း၊ အဆိုပါ အကြံပြုချက်များနှင့် ယခင်အစည်းအဝေးမှ ရရှိထားသော သုံးသပ်ချက်များကို လည်းကော်မတီဝင်များထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေ ထွက်ပေါ်လာရေး ကြိုးပမ်း လျက်ရှိကြောင်း၊ ယခု လုပ်ငန်းစီမံချက် အကောင်အထည်ဖေါ် ဆောင်ရွက်မှုသည် အရေး ကြီးပါကြောင်း၊ မြန်မာနိုင်ငံသည်အမျိုးသမီးများနှင့် ပတ်သက်၍ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နည်းတူ ဆောင်ရွက်နေသည်ကို နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲမှုများကိုလည်း လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘောထား မှတ်ချက်အရပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ်အကြံပြုဆွေးနွေးပေးကြ ရန်နှင့် ဆုံးဖြတ်ချက်များတစ်ပါ တည်းချမှတ်နိုင်ပါရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) ကိုကဏ္ဍ အလိုက်၊ အကြောင်းအရာတစ်ခုချင်းစီအလိုက်အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်း စီမံချက်(မူကြမ်း)အပေါ်သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များအရ ပြင်ဆင် ထားသည့် အချက်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပေးပို့လာသောအကြံပြုချက်များ အပေါ်သက်ဆိုင်ရာ ဌာနများက ပြင်ဆင်လိုသည့်အချက်များကိုဖတ်ကြား ဆွေးနွေးရာ ကော်မတီဝင် ဝန်ကြီးဌာနအသီးသီးက ပြန်လည်ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက် အတည် ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


