နေပြည်တော် ၂၅ မေ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က ကျင်းပသည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာ အကြမ်းဖက်မှုများ ပပျောက်စေရန် မူဝါဒများ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်ရေး အထူးကိုယ်စားလှယ်နှင့် ချုပ်ဆိုထားသည့် ပူးတွဲစာချုပ် (Joint Communique with the Special Representative for Sexual Violence in Conflict) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤပူးတွဲစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အမျိုးသားအဆင့် ကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားအဆင့် စီမံကိန်းကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုသဘောတူညီချက် အသစ်တစ်ခုကိုပြုလုပ်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်သစ်အတွက် အခြေခံစည်းမျဉ်းများကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ကဏ္ဍစုံတွင် အမျိုးသမီးများအား အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်နိုင်စေရန်၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုများကို ကာကွယ်ပေးသော မူဝါဒများနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းဆောင်ရွက်ချက်များသည် တိုင်းပြည်၏ အနာဂတ်တွင် အမျိုးသမီးကဏ္ဍနှင့် ကျား၊မတန်းတူညီမျှရေးကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့် အခြေခံအချက်များပင် ဖြစ်ပါကြောင်း။
Gender-responsive budgeting စီမံချက်သည် ပြည်သူ့အစိုးရမှ တာဝန်ယူ ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များထဲမှ တစ်ခုလည်းဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အကျိုးကိုရှေးရှု့၍ လူမှုရေးကဏ္ဍများတွင် ဘဏ္ဍာငွေခွဲဝေပေးမှုမှာ ၂၀၁၆ ခုနှစ်နှင့် ယခုနှစ်နှိုင်းယှဉ်လျှင် (၃)ဆတိုးမြှင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သည့်အုပ်စုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ၊ ကျား/မရေးရာ အကြမ်းဖက်မှုများကို ခံစားနေရသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့လာပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မရေးရာ အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်နှင့် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် ယင်းလုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံတကာညီလာခံအား နော်ဝေနိုင်ငံအစိုးရမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာကျော်မှ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
