နေပြည်တော်          စက်တင်ဘာ           ၉

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စုရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဆီစက်တည်ဆောက်ရေးအတွက် ပံ့ပိုး ပေးမှုအခြေအနေများနှင့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျေးရွာ ကိုးရွာရှိ အသင်းသား တောင်သူများ၏ စိုက်ဧက ၆၈ ဧကမှ ထွက်ရှိသော ဆီထွက်သီးနှံများ ကြိတ်ခွဲပေးနေမှု အခြေအနေများကို လည်းကောင်း၊ အသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျေးရွာအုပ်စုအတွင်း မြေပဲ၊ နေကြာ၊ နှမ်း စသည့် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရန်နှင့် အခြားကျေးရွာ အုပ်စုများကပါ လာရောက်ကြိတ်ခွဲနိုင်ရေး အသိပေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်နေသော ညောင်ပင်သာကျေးရွာအုပ်စု၊ ထောက်ရှာပင်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ ရောက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ ဒေသခံများမှ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျွန်းဦးကျေးရွာအုပ်စု၊ မအူပင်ကျေးရွာ ကုန်ထုတ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်၊ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သနပ္ပင်ဆိပ်အုပ်စု၊ သနပ္ပင်ဆိပ်အနောက်ကျေးရွာ၌ အသင်းသား ၇၂ ဦးဖြင့် တံမြက်စည်းထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကျောက်စိမ်းဝေ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်