မော်လမြိုင် ၁၁ မေ 


ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ Hotel KS ၌ ကျင်းပသည်။

1


အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) နှင့် (Soft Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး၊ ဒေသမှတောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုး အစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး စသည်တို့ကို ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါကြောင်း။


မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် TVET ဟုခေါ်သည့် Technical and Vocational Education and Training နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကို တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ယနေ့ကာလတွင် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းပြီး အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။


နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ (TVET) တွင်လည်း ဒေသလိုအပ်ချက်နှင့် ကိုက်ညီပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ Demand နှင့် ကိုက်ညီသော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချလေ့ကျင့်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။


ယင်းသို့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ Skill Training များကို ဦးစားပေး ဖွင့်လှစ်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ပေးထားသည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ပုံမှန်အင်ဂျင်နီယာသင်တန်းများ ပေးအပ်လျက်ရှိသကဲ့သို့ ချက်ချင်းအလုပ် အကိုင်ရရှိရေးကို အထောက်အကူပြုစေမည့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတိုသက်မွေးပညာ သင်တန်းများကိုလည်း သင်တန်းအမျိုးအစားပေါ်မူတည်၍ (၂)ပတ်မှ (၃)လအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ 

မွန်ပြည်နယ်အတွင်း သက်မွေးပညာ သင်တန်းကျောင်းများအဖြစ် မော်လမြိုင်မြို့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (GTI)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS)များမှ ဒီပလိုမာနှင့် အောင်လက်မှတ်များပေးသည့် ပုံမှန်အင်ဂျင်နီယာ သင်တန်းများ ပေးအပ်လျက် ရှိသကဲ့သို့ ကာလတို သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း။

 

1


ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ အဓိကဆက်နွယ်နေသည့် နည်းပညာ၊ သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တိုးချဲ့မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီအနေဖြင့် TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းလိုအပ်ချက်နှင့် ကိုက်ညီသည့် လူသားအရင်းအမြစ်များ ရရှိရေး စသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်ရန်ခက်ခဲသည့် ကိစ္စရပ်များအား ဆက်စပ်ဝန်ကြီးဌာနများအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လက်ရှိအခြေအနေများ စသည်တို့ကို သိရှိနိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေး အချက်အချာဒေသဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ လားရှိုးနှင့် မော်လမြိုင် စသည့် မြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းရှင်အသီးသီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းအဖြေရှာခြင်းများ လုပ်ဆောင်နိုင်ရန် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။ 


ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအနေဖြင့် နှီးနှောဖလှယ်ပွဲ၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးကို ဦးတည်၍ ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် public private partnership လုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသမှ တောင်းဆိုမှုအများဆုံးသော သင်တန်းတစ်မျိုးကို ဖွင့်လှစ်နိုင်ရန် ရွေးချယ်သတ်မှတ်ခြင်း အပါအဝင် ယခုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ယင်းနောက် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ 

မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးခိုင်ဦးက ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက Introduction to School Industrial Partnership Program in Mon State နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက မွန်ပြည်နယ်အတွင်း လိုအပ်နေသည့် သက်မွေးပညာဆိုင်ရာ သင်တန်းများ၊ အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည့် နည်းပညာနှင့်သက်မွေးပညာ ဆိုင်ရာသင်တန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သည့် သင်တန်းများအား အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အဖွဲ့အလိုက် ဆွေးနွေးအကြံပြုကြသည်။


ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နှီးနှောဖလှယ်ပွဲမှရရှိလာသည့် ရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များအား အနှစ်ချုပ်တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် Grade-6 သင်ရိုးသစ် ခရိုင်အဆင့်ဆွေးနွေးပွဲနှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာမူလတန်းအဆင့် Grade-3 သင်ရိုးသစ် မြို့နယ်အဆင့် ဆွေးနွေးပွဲများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)