ရန်ကုန် ၂၉ ဇွန်
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၈)ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လုပ်ငန်း ကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်အတွက် “ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းပြီးနောက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး တွေ့ဆုံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခု တွေ့ဆုံပွဲသည် (၂၈)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂၇)ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း ၃၄၉ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပြန်ကြားချက်များတွင် လုံးဝပြီးပြတ် အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။
တစ်ချို့ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်း ကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue) များပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှု ပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် မေ ၃၁ ရက်အထိ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၃ဒသမ၄၉၀) ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ (သုညဒသမ၄၆၄)ဘီလီယံ ပိုမို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၅၀၁) ဘီလီယံ ပါဝင်သည့်အတွက် ၈၃ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများရပ်တည်ရန် ခက်ခဲလာနိုင်သည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူလျက်ရှိပါ ကြောင်း၊ ၂၀၁၉ခုနှစ်၊ မေလအထိ ဖမ်းဆီးအရေးယူမှု (၅၉၄)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၀ ဒသမ ၃၇၁) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း တရားမဝင်ကုန်စ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ စခန်းများမှ ဖမ်းဆီး ကုန်ပစ္စည်း များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ထုခွဲရောင်းချ ရရှိငွေအပေါ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံ ငွေသို့ (၅၀)ရာခိုင်နှုန်း၊ သတင်းပေးသူအား (၂၀)ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများအား (၃၀)ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများအနေဖြင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ (၃၀)ရာခိုင်နှုန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ (၂၀)ရာခိုင်နှုန်း၊ သတင်းပေးသူအား (၂၀)ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများအား (၃၀)ရာခိုင်နှုန်းဖြင့်လည်းကောင်း ဆုငွေချီးမြှင့်မှုများကို ခေတ်နှင့် လျော်ညီစွာ တိုးမြှင့် ထားပါကြောင်း၊
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ရေရှည်တည်တံ့ပြီး တိုးတက်ရန်ဆိုလျှင် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပ ဈေးကွက်များသို့ပါ ဈေးကွက်အသစ် ရှာဖွေရန်လိုပါကြောင်း၊ Internationalize လုပ်ရန် လိုပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် အခြားနိုင်ငံများက လာရောက်ရင်းနှီး မြှုပ်နှံခြင်းများရှိပြီး မိမိလုပ်ငန်းရှင်များအနေဖြင့်လည်း အခြားနိုင်ငံများကို သွားရောက် လုပ်ကိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံစသည့် နိုင်ငံ(၉)နိုင်ငံတွင် စီးပွားရေး သံမှူးများကို စေလွှတ်တာဝန်ပေးအပ်ထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပ တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သလို သတင်းအချက်အလက်များ ရယူလိုပါကလည်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့်ဆက်သွယ်ရယူနိုင်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်တို့တွင် တိုးတက် နိုင်မည်ဟု ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းထားသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက်ကနေ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်ရန်ကြိုးစားနေသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များအတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစေရေးကို ဦးတည်ချက်ထားကာ ကြိုးစားဆောင်ရွက် နေပါကြောင်း၊ အစိုးရ၏ဝန်ဆောင်မှုများကို အများပြည်သူများ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်တို့အတွက် အားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေး မည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လက်ရှိမြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးမှု အခြေအနေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ထုတ်ချေးထားရှိမှု အခြေအနေ၊ Project Bank ဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Public Private Partnership Center (PPPCenter)ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်ရန်အတွက် Corporate Governance စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ တိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှု အခြေအနေများစပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင် နှင့် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်ခိုင်၊ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


