ညောင်ဦး  ဇန်နဝါရီ  ၁၂

 

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရေကန်ကြီးများတွင် ဆောင်းခိုငှက်များ လာရောက်ကျက်စားလာခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ငါ့သရောက်မြို့များသည် အပူပိုင်းရပ်ဝန်း မိုးခေါင်ရေရှားဒေသတွင် ပါဝင်ပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာသွန်းမှု လက်မ ၄၆ လက်မထိရွာ သွန်းခဲ့ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရေကန်ကြီးများ ရေပြည့်ရေလျှံသည်အထိ ရေဝင်ရောက်ခဲ့၍ ယခုနှစ် ဆောင်ရာသီအထိ ရေများမခန်းခြောက်ဘဲ ဆောင်းခိုငှက်များ လာရောက်ကျက်စားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပုဂံဒေသခံ ဦးနေဝင်းမောင်က ပြောသည်။

 

ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးရေကန်များဖြစ်သည့် အလံပုဂံကန်၊ အလယ်ကန်၊ လေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်ခေါ် စူဠာမဏိကန်၊ ဦးကျည်ပွေ့ကန်၊ ရွှေနန်းရင်တော်ကန်ခေါ် ထိန်ကန်၊ ရွှေထီးကန်၊ မန်ကျည်းကန်၊ ဇေယျသွပ်ကန်၊ မင်္ဂလာကန်၊ ဖွားစောကန်(မွန်တိန်း)၊ ကိုမောက်ကန်၊ ကန်သစ်ကန်၊ ကန်စွန်းတော်ဘုန်းကြီးကျောင်းကန်၊ မနူကန်မရွဲကန်၊ အုတ်ဖုတ်ကန်၊ ဆည်ကန်၊ ကန်သစ်ကြီး၊ ကျောက်ရိုးကန်၊ တောင်ကျောင်းကန်နှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သောက်သုံးရေကန်ကြီး၊ ရေကန်ငယ်များ ရေပြည့်လျှံနေကြောင်း သိရပြီး ဆောင်းခိုငှက်များ ကောင်းကင်မှ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကောင်းကင်ဖြတ်ပျံသန်းချိန် ရေရှိသည့်ရေကန်ကြီးများသို့ စူးစမ်းဆင်းသက်၍ ခရီးတစ်ထောက်နားသည်လည်း ဖြစ်နိုင်ကြောင်း ပုဂံမြို့၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က သုံးသပ်ပြောကြားသည်။

 

ဆောင်းခိုငှက်များ လာရောက်ခိုနားသည့် ရေကန်ကြီးများသည် အခါတိုင်းနှစ်များ ရေဝင်ရောက်မှုမရှိဘဲ ယခုနှစ်တွင်မှသာ ရေကန်များ ရေရှိနေသောကာ ဆောင်းခိုငှက်များ လာရောက်ခိုနားခြင်းဖြစ်ကြောင်း၊ ရေကြက်အုပ်များ၊ ခရုစုပ်၊ ခရုတုတ်ငှက်အုပ်များ၊ တင်ကျီးငှက်အုပ်များနှင့် ရေကျီးကန်းများ၊ ရေပိန်ညင်းငှက်တို့ကို ခွဲခြား၍ရပြီး အခြားငှက်များအား အတိအကျမပြောနိုင်ကြောင်း၊ ငှက်ကြည့် တယ်လီကင်မရာများဖြင့်သာ အဖြေပေးနိုင်မည်ဖြစ်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရေကန်များတွင် ဆောင်းခိုငှက်များ လာရောက်ခိုနားမှု အများအပြားတွေ့ရကြောင်း ငှက်ဝါသနာရှင် ဦးနေဝင်းမောင်က ပြောကြား၍ သိရသည်။

 

ကိုထိန်၊KPD