ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသားကျောင်းသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့ကို ဖူးမြော်လေ့လာ

ညောင်ဦး မေ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများကို ယနေ့နံနက် ၆ နာရီခွဲမှစတင်၍ ဖူးမြော်ကြပြီး စုရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့အား ဖူးမြော်ကြည်ညိုကြ ပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများစုပေါင်းလှူဒါန်းသည့်အလှူငွေများကို မန္တလေးတိုင်းပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် လူရည်ချွန်ကျောင်းသား ကျောင်းသူများကဘဏ္ဍာတော် ထိန်းဂေါပကဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူများအားရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားကြီးများ သမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့်မင်းများနှင့် ရှေးဟောင်းအင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများအကြောင်းကို ရှင်းလင်းပြသရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဘုရားများတွင်ရောင်းချနေသည့် ပုဂံအမှတ်တရပစ္စည်း အရောင်းဆိုင်များမှ ပုဂံပြန်လက်ဆောင်ပစ္စည်းများကို ကျောင်းသားကျောင်းသူများ ဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။                

 ဒီပါလင်း