ရန်ကုန်  အောက်တိုဘာ ၂၃

 

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွား ဧည့်သည် များပြားနိုင်ကြောင်းနှင့်  တည်းခိုခန်းနှင့် ဟိုတယ်များတွင် အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထားကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။

 

ပုဂံဒေသသို့ သီတင်းကျွတ်လပြည့် (အဖိတ်နေ့)မတိုင်မီ ပြည်ပခရီးသွားများနှင့် မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းမှဘုရားဖူးများ တဖွဲဖွဲဝင်ရောက်လေ့ရှိသည်။ အဖိတ်နေ့၊ သီတင်းကျွတ်လပြည်နေ့နှင့် လပြည့်ကျော်(၁) ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်ပြီး အလှူအတန်းနှင့် ကုသိုလ်ကောင်းမှုပြုလုပ်မှု အထူးများပြားသောနေ့ဖြစ်သည့်အပြင် ပုဂံရှေးဟောင်းနယ်မြေ၏ ညပိုင်း Night See အလှကို အပြည့်အဝ တွေ့မြင်ခွင့်ရသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ အထူးနှစ်ခြိုက်လေ့ရှိသည့် ခရီးသွားပွဲတော် ကာလဖြစ်သည်။

 

အဆိုပါ ခရီးသွားပွဲတော်ကာလ၌ ခရီးသွားဝင်ရောက်မှုများပြားသည့်အတွက် တည်းခိုခန်းနှင့် ဟိုတယ်များ အခန်းပြည့် လေ့ရှိပြီး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားတန်ဆောင်းများ၊ ကျေးရွာများ၊ ပုဂံဒေသကားလမ်းတစ်လျှောက်ရှိ ယာဉ်များပေါ်၌ နားခိုလည်ပတ်ရသည်အထိ ခရီးသွားဝင်ရောက်မှု အထူးစည်ကားလေ့ရှိသည်။

 

“သီတင်းကျွတ်လပြည့်ကာလမှာ ပုဂံဒေသနဲ့ညောင်ဦးက ဟိုတယ်တွေမှာ အခန်းမှာ ယူထားမှုပြည့်နေပြီလို့ ပြောရမှာပါ။ မနှစ်ကဟိုတယ်(၇၀)ကျော်ပဲ ဖွင့်ခဲ့ပြီးတော့ ဒီနှစ်ဟိုတယ်နဲ့တည်းခိုခန်း (၈၃)လုံးဖွင့်ထားတာ အားလုံးနီးပါး အခန်းပြည့် နေပါပြီ။ ထပ်ပြီးဖွင့်မယ့်ဟိုတယ်တွေလည်းရှိနေပါတယ်။ မနှစ်က သီတင်းကျွတ်လပြည့်နေ့ထက် ဒီနှစ် ခရီးသွား ပိုများလာပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ခရီးသွားမြှင့်တင်ရေး ကဏ္ဍကို လုပ်ဆောင် နေတာရှိပါတယ်။ အဲ့ဒီအပေါ်မှာ တတ်နိုင်သမျှ အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ ဒီနှစ်ခရီး သွားရာသီမှာ တရုတ်၊ အိန္ဒိယက ခရီးသွားတွေ လည်း ဝင်‌‌ရောက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ မနှစ်က ပြည်ပခရီးသွားတစ်သောင်းကျော် ဝင်‌ရောက်ခဲ့ပြီးတော့ ဒီနှစ်ခရီးသွား ပိုမိုဝင်ရောက်လာတာကို တွေ့ရမှာပါ။ ပုဂံခရီးသွားဒေသဟာ ရှေ့ဆက်ပြီး ဖွံ့ဖြိုးလာ မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဦးဝင်အောင်က ပြောသည်။

 

၂၀၂၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ဘုရား/စေတီများသို့ ခရီးသွား တစ်သိန်းခွဲခန့်အထိ ဝင်ရောက်ခဲ့ပြီး ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာစေတီတော်၊ စူဋ္ဌာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ သဗ္ဗေညုစေတီတော်၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မနူဟာစေတီတော်၊ မြစေတီ၊ လောကနန္ဒာ၊ ဓမ္မရာဇိက၊ ငှက်ပစ်တောင်၊ တူးရွင်းတောင်နှင့်တန့်ကြည်တောင်တို့တွင် နံနက်စောစောမှ ညပိုင်း ဆီမီးပူဇော်သည့် အချိန်အထိ ဘုရားဖူးများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

 ညိမ်းသူ(သတင်းစဉ်)