ညောင်ဦး စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ စက်တင်ဘာ ၁၀ ရက် တစ်ရက်တည်းတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ တစ်သောင်းကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲမှ သိရသည်။
ဘုရားဖူးလာရောက်ကြသူများမှာ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပား/တောင်ကလပ် အဘ အောင်မင်းခေါင်ထွက်ပွဲမှ တစ်ဆင့် ပုဂံ-ညောင်ဦးသို့ လာရောက်ကြခြင်းဖြစ်ပြီး ပုဂံရှိ အထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ မဟာငှက်ပစ်တောင်၊ တုရင်တောင်၊ လောကနန္ဒာ၊ ဗူးဘုရား၊ သဗ္ဗညု၊ မဟာဗောဓိ ကန်တော့ပ္ပလင်၊ ရွှေဆံတော်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ မနုဟာနှင့် ပြာဿဒ်ကြီး ဘုရားများကို ဖူးမြော်သူများသော်လည်း လူသိနည်းသည့် ဘုရားပုထိုး၊ စေတီ၊ သာသနိကအဆောက်အအုံများ၊ ရှေးအုတ်ကျောင်းကြီးများအား လူငယ်၊ လူရွယ်များက E-Bike များ၊ မြင်းလှည်း၊ မီနီအိုဝေများ ငှားရမ်းကာ အစုလိုက်၊ အဖွဲ့လိုက် လေ့လာဖူးမြော်လျက်ရှိသည်။ ထို့ပြင် ဘုရားဖူး လာရောက်သူများခြင်းကြောင့် စားသောက်ဆိုင်များ၊ လက်အလှပန်းချီ(လက်ဆွဲပန်းချီ) ဆွဲသူများ၊ ရိုးရာသစ်ရွက်ပုံ သနပ်ခါးလိမ်းပေးသူများ၊ ဘုရားပန်း ရောင်းသူများနှင့် မြင်းလှည်း၊ E-Bike ငှားရမ်းသူများမှာ အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
ကိုကြေးမုံ