နေပြည်တော် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်း ညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများ အခြေအနေများနှင့်ပတ်သက်သည့် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အလယ်ရေလမ်းကြောင်း (၁)ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ပြီး မြကန်ဘက်မှကြည့်လျင် ညာဘက်ရှိရေလမ်းကြောင်း(၂)ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘယ်ဘက် ခြမ်းရှိ ရေလမ်းကြောင်း(၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင် ရွက်မည်ဖြစ်ကြောင်း၊ မိုးမကျမီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်လိုကြောင်း၊ ရေလမ်းကြောင်းများကို ဧရာဝတီမြစ်ဘက်မှစတင်၍ ဦးစားပေးရှင်းလင်းရန် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရေလမ်းကြောင်း ၃ ခုနှင့် ချိတ်ဆက်နေသည့်ကန်များကို ဦးစားပေးပြုပြင်မွမ်းမံ ရမည်ဖြစ်ကြောင်း၊ ချိတ်ဆက်မှုမရှိသော ရေကန်များ အနက် ဒေသခံပြည်သူလူထုကို အကျိုးပြုသည့်ကန်များကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည့် အတွက် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သာမန်ရေကန် ဆယ်ခြင်းနှင့် ရေစီးရေလာကောင်းအောင် သဘာဝအကွေ့ အကောက်၊ ချောင်းရိုး၊ ရေစီးကြောင်းများအတိုင်း ချဲ့ထွင်ခြင်းများကိုသာ ဆောင်ရွက်ရသည့်အတွက်လည်း တတ်အားသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိမိတို့ဝန်ကြီးဌာနကို သတ်မှတ်ပေးထားသော ကန်တူး ဖော်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ရေလမ်းကြောင်းဆောင်ရွက်ခြင်းကိစ္စများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတ်မှတ်ထားသော Guideline နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြကန်အား ရေဝင်အားကောင်းစေရန် ရေထိန်းသိမ်းမှုအပြည့်အဝရစေရန် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စက်ယန္တရားဖြင့် လုပ်ဆောင်ရာတွင် ရှေးဟောင်းဆိုင်ရာ ကန့်သတ်မှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဘက်မှ အသေးစိတ်အကြံပြုဆွေးနွေးရန် လိုအပ်ကြောင်းပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းနေမှုနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)