နေပြည်တော် အောက်တိုဘာ ၂၇
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စေတီ၊ ပုထိုးများနှင့် ဧရာဝတီမြစ်၏ ဆည်းဆာ အလှကို အပြည့်အဝကြည့်ရှုခံစားရန် စူဋ္ဌာမဏိကန်(ဖိုးသူတော်ကန်)နှင့် ညောင်လက် ဖက်ကန်ကုန်းတို့မှ အများဆုံး ကြည့်ရှုခံစားကြလေ့ရှိကြောင်း သိရသည်။
ဧရိယာ ၁၉ စတုရန်းမိုင်ကျယ်ဝန်းသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပုဂံဒေသ၏သဘာဝ အလှနှင့် ဆည်းဆာအလှကိုကြည့်ရှုနိုင်ရန် View Mount များကို ဖန်တီးပေးထားရာ နိုင်ငံခြားသား ခရီးသွားများနှင့် လူငယ်များ အနေဖြင့် မင်းနန်သူကန်၊ ကိုမောက်ကန်၊ အရှေ့အိုးထိန်းတောင်၊ အနောက်အိုးထိန်းတောင်၊ ကျောက်မျက်မှော်၊ ဗူးဘုရား၊ ညောင်လက်ဖက်ကန်နှင့် စူဋ္ဌာမဏိကန်တို့မှ အများဆုံး ကြည့်ရှုကြလေ့ရှိပြီး စေတီ၊ ဘုရားများပေါ်မှ ဆည်းဆာ အလှကြည့်ရှုမှုကို တားမြစ်ထားဆဲဖြစ်ကြောင်း သိရ သည်။
“ပုဂံဒေသဟာ ခရီးသွားလုပ်ငန်းကိုအမီပြုနေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒီနှစ်သီတင်း ကျွတ်ပွဲတော်ကာလကစပြီး ခရီးသွားရာသီတစ်လျှောက်မှာ ပြည်တွင်း/ ပြည်ပ ခရီးသွား တစ်ဖွဲဖွဲဝင်ရောက်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ကိုဗစ် ကပ်ရောဂါဖြစ်ပွားပြီးတဲ့နောက် ခရီးသွားကဏ္ဍပြန်လည်ဖွင့်လှစ်ချိန်ကစပြီး ခရီးသွားဝင် ရောက်မှုဟာ ယခင်စံနှုန်းကို မရောက်သေးပေမယ့် တစ်နှစ်ထက်တစ်နှစ် တိုးလာတာကိုတွေ့ရမှာပါ။ ပုဂံကိုလာရောက်လေ့လာတဲ့အခါမှာ ပြည်တွင်း/ ပြည်ပခရီးသွားတွေ မလုပ်မဖြစ်လုပ် ဆောင်ကြလေ့ရှိတဲ့အရာတစ်ခုက ညနေဆည်းဆာအလှကိုကြည့်ရှုပြီး စိတ်အပန်းဖြေမှုနဲ့အတူ ဓာတ်ပုံရိုက်ခြင်းပါပဲ။ နိုင်ငံခြားခရီးသွားနဲ့ လူငယ်တွေအနေနဲ့ ညနေဆည်းဆာအလှကို ညောင်လက်ဖက်ကန်နဲ့ စူဋ္ဌာမဏိကန်(ဖိုးသူတော်ကန်) နေရာကနေ ကြည့်ရှုကြတာများပါတယ်။ ပုဂံဒေသဟာ ရှေ့လျှောက် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့ပဲရှိပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။
၂၀၂၃-ခုနှစ်၊ သီတင်းကျွတ်ပွဲတော်ကာလတွင် ပုဂံဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်းများ အခန်းပြည့်နီးပါး ကြိုတင်မှာ ယူထားကြောင်း သိရသည်။ ၂၀၂၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၌ ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ဘုရား/ စေတီ တစ်နေရာလျင် ခရီးသွား ၃၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၂-ခုနှစ်၊ သီတင်းကျွတ်လပြည့် နေ့၌ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ စူဋ္ဌာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ သဗ္ဗေညု၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ မနူဟာ၊ မြစေတီ၊ လောကနန္ဒာ၊ ဓမ္မရာဇိက၊ ငှက်ပစ်တောင်၊ တူးရွင်းတောင်နှင့် တန့်ကြည်တောင်တို့၌ နံနက်ခင်းမှ ညပိုင်းဆီမီးပူဇော် သည့်အချိန်အထိ ဘုရားဖူး တစ်သိန်းနှစ်သောင်းအထိ ဝင်ရောက်ခဲ့ရာ ယခု သီတင်းကျွတ်လပြည့် အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို့တွင် ပုဂံယဉ်ကျေးမှုဒေသ၌ ပြည်တွင်း/ပြည်ပခရီးသွားတို့ဖြင့် အထူးစည်ကား နိုင်ဖွယ်ရှိ ကြောင်း သိရသည်။
ဓာတ်ပုံ ကနူး
ညိမ်းသူ(သတင်းစဉ်)