ပုလဲ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင် မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှနေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုလဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်က “ မိုးရာသီလည်းဖြစ်တော့ မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဂန့်ဂေါ- ပုလဲ - မုံရွာကားလမ်းမ လမ်းဘေး ဝဲယာမှာရှိတဲ့ ခြုံနွယ် မြက်ပင်များ ရှင်းလင်းခြင်း၊ အရိပ်ရ သစ်ပင်ကြီးများကို အလင်းဖွင့်စေရေး အကိုင်းအလက်များ ရှင်းလင်းခြင်း၊ မြို့ပေါ် ရပ်ကွက်များအတွင်း အမှိုက်သိမ်းကားဖြင့် အမှိုက်များ စွန့်ပစ်ခြင်းလုပ်ငန်းတွေကို နေ့စဉ်ဆောင်ရွက် ပေးနေပါတယ် ” ဟု ပြောကြားခဲ့သည်။
ထိုအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်မှုများနှင့် ဈေးရောင်း/ ဈေးဝယ်သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


