ပုလဲ စက်တင်ဘာ ၆  

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင် မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှနေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုလဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့   အမှုဆောင်အရာရှိ  ဦးသန်းထွန်းအောင်က “  မိုးရာသီလည်းဖြစ်တော့ မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့်  ရပ်ကွက်များအတွင်း အမှိုက်ကင်းစင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဂန့်ဂေါ- ပုလဲ - မုံရွာကားလမ်းမ လမ်းဘေး ဝဲယာမှာရှိတဲ့ ခြုံနွယ်    မြက်ပင်များ   ရှင်းလင်းခြင်း၊   အရိပ်ရ  သစ်ပင်ကြီးများကို အလင်းဖွင့်စေရေး အကိုင်းအလက်များ ရှင်းလင်းခြင်း၊  မြို့ပေါ်  ရပ်ကွက်များအတွင်း  အမှိုက်သိမ်းကားဖြင့် အမှိုက်များ   စွန့်ပစ်ခြင်းလုပ်ငန်းတွေကို နေ့စဉ်ဆောင်ရွက် ပေးနေပါတယ် ” ဟု ပြောကြားခဲ့သည်။

ထိုအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်မှုများနှင့် ဈေးရောင်း/ ဈေးဝယ်သူများအား  ပါးစပ်၊  နှာခေါင်းစည်း (Mask) များ  အခမဲ့  ဖြန့်ဝေခြင်းလုပ်ငန်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊    မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်    ပူးပေါင်း၍   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)