ပုလဲ ၁၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို (တတိယအကြိမ်) ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် ထံမှသိရှိရသည်။
တတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၁ စုရှိ အိမ်ထောင်စု ၃၃၆၉၂ စုအတွက် ထောက်ပံ့ငွေကျပ် ၆၇၃,၈၄၀,၀၀၀ သိန်းကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှအကြီးအကဲများ၊ ဝန်းထမ်းများအပါအဝင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆက်လက်ပြောကြားသည်။
ပုလဲမြို့နယ်အတွင်တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပထမအကြိမ် အခြေခံလူတန်း စားအိမ်ထောင်စု ၃၂,၈၈၀ စုအတွက် ထောက်ပံ့ငွေကျပ် ၆၅၇,၆၀၀,၀၀၀ သိန်းအားလည်းကောင်း၊ ဒုတိယအကြိမ် အခြေခံလူတန်းစား အိမ်ထောင်စု ၃၂,၇၁၅ စုအတွက် ထောက်ပံ့ငွေကျပ် ၆၅၄,၃၀၀,၀၀၀ သိန်းအား လည်းကောင်း၊ တတိယအကြိမ်တွင်လည်း ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်လျက်ရှိပါကြောင်း၊ ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆက်လက်ပြောကြားသည်။
မွှေးကြူဇင်


