ပုလော ၂၃ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြိုနယ်ကျွန်းတစ်ကျွန်းပေါ်တွင်တည်ရှိသော ကျောက္ကာ ကျေးရွာတွင် အသေးစားဓာတ်အားလိုင်း ဖြန့်ဖြူးရေးစနစ် (Solar Mini - Grid) ဖြင့် လျှပ်စစ်မီး၂၄ နာရီရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်မီးလင်းရေးလုပ်ငန်း(Solar Mini - Grid)စီမံကိန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက် တွင် ရင်းနှီးမြုပ်နှံသည့် (Techno- Hill Engineering Co.,Ltd)က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၌ လုပ်ငန်းများပြီးစီး၍လျှပ်စစ်မီးရရှိနေပြီဖြစ်သည်။
ဆိုလာအသေးစား ဓာတ်အားလိုင်းဖြန့်ဖြူးရေးစနစ်ဖြင့် ကျောက္ကာကျေးရွာတွင် အိမ်ခြေ(၇၀ဝ) ရှိသည့်အနက် အိမ်ခြေ(၄၃၀)အိမ်တို့တွင် အဆိုပါ ၂၄ နာရီ လျှပ်စစ်မီးကို စတင်အသုံးပြုနေပြီဖြစ်ပြီး တစ်ယူနစ်လျှင် ၃၅၀ ကျပ်နှုန်း ဖြင့် ကုမ္ပဏီက(၁၅)နှစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုက်နယ်ဆေးရုံးတစ်ရုံ၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်းနှင့် လမ်းမီတိုင်များစသည့် အများပြည်သူ အသုံးပြုသည့် နေရာများကို အခမဲ့ မီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၊ ပြည်သူနှင့် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ငွေကျပ် ၁၀၃၅ ဒသမ ဝ၀ သန်း(၆၀ ရာခိုင်နှုန်း)၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ် ၃၄၅ ဒသ မ ဝ၀ သန်း(၂၀ ရာခိုင် နှုန်း)နှင့် ကုမ္ပဏီက ငွေကျပ် ၃၄၅ ဒသမ ဝ၀ သန်း(၂၀ ရာခိုင်နှုန်း)၊ စုစုပေါင်း စီမံကိန်းကုန်ကျမှုမှာငွေကျပ် ၁၇၂၅ သန်း(၁၀ဝ ရာခိုင် နှုန်း) ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးလမင်းချစ်ကိုက ပြောပြ၍ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်(Solar Mini - Grid )အသေးစား ဓာတ်အားလိုင်း ဖြန့်ဖြူးရေး စီမံကိန်းဖြင့် ကျေးလက်မီးလင်းရေးကို ခန္တီကျေးရွာ၊ကုလားမခေါင်းကျေးရွာ၊ တောင်ခေါင်းလောင်းကျေးရွာ ၊ပြင်ကြီးကျေးရွာ၊ လယ်ဖက်ကျေးရွာ၊ ကံမော်ကြီးကျေးရွာတို့နှင့် ကျောက္ကာကျေးရွာစသည့် ကျေးရွာခုနှစ်တို့တွင် လုပ်ငန်းများ လည်ပတ်နေပြီး လျှပ်စစ်မီးများလည်း သုံးစွဲနေကြကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
မြင့်ဉီး(မြိတ်)


