ပုသိမ် ၂၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်သည့် စက် သြဂုတ် ၂၆ ရက်နေ့က ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစက်မှာ Gene X pert ဖြစ်ပြီး အမေရိကန်နိုင်ငံထုတ်ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၇၈၀ ဖြစ်ကြောင်း သိရသည်။
စက်ရောက်ရှိမှုနှင့်ပတ်သက်၍ ပုသိမ်မြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ပုသိမ်ဆေးရုံကြီးမှာ COVID–19 ရောဂါစစ်ဆေးတဲ့ စက်ရောက်ရှိလာပြီဖြစ်လို့ ဧရာဝတီတိုင်းအတွင်းက သံသယလူနာတွေကို စစ်ပေးနိုင်တော့မှာဖြစ်ပါတယ်၊ ဒါပေမယ့် စက်က တစ်ကြိမ်စစ်ရင် နှစ်ဦးသာ စစ်လို့ရတာဖြစ်လို့ တစ်နေ့လုံး ဆိုင်ရင် ၁၀ ဦးပဲ စစ်နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် အရေးကြီးလူနာတွေကိုပဲ ဦးစားပေး စစ်ဆေးပေးမှာ ဖြစ်ပါတယ်၊ ပုသိမ်ဆေးရုံကြီးအပြင် ဧရာဝတီတိုင်းဒေသကြီးထဲမှာ မြောင်းမြ ဆေးရုံကိုလည်း ဒီနေ့ စတင်တပ်ဆင်နေပါပြီ " ဟု ပြောကြားသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)


