ပုသိမ် ၃၀ သြဂုတ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ (ဧရာဝတီတိုင်းဒေသကြီး) ရုံးကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၄) စာတွေ့သင်တန်းပြီးမြောက်မှု၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းများဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၀)ရက် နံနက်(၈)နာရီအချိန်တွင် ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စုရှိ အိမ်တွင်းမှုသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး အခြေခံနှင့်အဆင့်မြင့်သင်တန်းတို့တွင် ထူးချွန်ဆုရသူများကို အပ်ချုပ်စက်တစ်လုံးစီ ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ဟိုတယ်သင်တန်း(၃)ခုအတွက် ထူချွန်ဆုများချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရုံးတာဝန်ခံမှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
သင်တန်းကျောင်းအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တက်ရောက်ခဲ့သောဟိုတယ်သင်တန်းပြီးဆုံးသူ (၃၀ဝ)ဦး၊ အိမ်တွင်းမှုသင်တန်းပြီးဆုံးသူ (၅၄၃)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးသူ(၁၀၇)ဦး စုစုပေါင်း(၉၆၀)ဦး အနက်အနက်အသက်မွေးဝမ်းကြောင်းပြုနိုင်သူ(၄၂၁)ဦးရှိကြောင်း သိရသည်။
ယခုသင်တန်းဆင်းပွဲတွင် ဟိုတယ်သင်တန်းသူ(၇၅)ဦး၊ အခြေခံသင်တန်းသူ(၅၂)ဦးနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းသူ(၁၅)ဦး စုစုပေါင်း သင်တန်းသူ (၁၄၂)ဦးတက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ(၁၄)ပတ်ကြာမြင့်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးပြန်ဆက်


