ပုသိမ်  ၂၁  သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဘက်ကမ်းနှင့် စိန်ကုန်းဘက်ကမ်းကို ငဝန်မြစ်ဖြတ်ကူး၍ ဆက်သွယ်ထားသည့် ပုသိမ်တံတားအမှတ် (၂) သည် ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။

 

ယခုအခါ တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို ဩဂုတ် ၂၂ ရက်နေ့တွင် စစ်ဆေးခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း တံတားတည်ဆောက်သူ တံတားတာဝန်ခံ အင်ဂျင်နီယာမှူး ဒေါ်သစ်သစ်အောင်က ပြောသည်၊

 

တံတားကြီး၏ ခံနိုင်ရည်ဝန်အား ကိုစစ်ဆေးရာတွင် ဆယ်ဘီးကားကြီး (၁၁) စီးနှင့် အသွားအပြန် အဆင်းအတက်၊ ရပ်တန့်မှုများဖြင့် အကြိမ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းပုသိမ် တံတားအမှတ် (၂) သည် ယာဉ်သွားလမ်း အကျယ်  (၂၈ ပေ)၊ လူသွားလမ်းအကျယ်  (တစ်ဖက် ၅ ပေ)၊ တံတားအရှည်  (ပေ ၂၃၈၀)၊ တံတား၏ ရေကင်းလွတ် အကျယ် ၄၁၆ ပေ၊ ရေကင်းလွတ်အမြင့် ပေ ၆၀ ရှိပြီး၊ သံမဏိသံပေါင် ခုံးကျော်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။

 

၎င်းပုသိမ်တံတား အမှတ် (၂)ကို တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူ တည်ဆောက်တာဖြစ်ပြီး၊ တံတားကြီးကို ၂၇ - ၁၀ -၂၀၁၈ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး (၂) နှစ်ကြာမြင့်ခဲ့ကြောင်း နှင့် တံတားကြီးလုံခြုံရေး၊ ခရီးသွားများလုံခြုံရေးတို့အတွက် CCTV အလုံး သုံးဆယ်ကျော် တပ်ဆင်ထားရှိပြီး စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ဆက်)