ရန်ကုန် ၂၈ ဇွန်

“မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့”၊ “ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဖောင်ဒေးရှင်း” နှင့် “ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့”တို့ ပူးပေါင်းစီစဉ်သော ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသည့် (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ပျူမြို့တော်များဆီသို့…” ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်ချောခင်ခင်က ပန်းချီပြပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် အခမ်းအနားအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဖောင်ဒေးရှင်း၏ နာယက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏  ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

mdn

 

ထို့နောက် “ပျူမြို့တော်များဆီသို့…” ပန်းချီပြပွဲ အဖွဲ့ခေါင်းဆောင် ပန်းချီပညာရှင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကထိက ဦးမြင့်ဦးက ပန်းချီပြပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “ပျူမြို့တော်များဆီသို့…” ပန်းချီပြပွဲတွင် ပါဝင်ကူညီပံ့ပိုးပေးသော ပန်းချီပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယကကြီး ဒေါက်တာချစ်က ပေးအပ်ရာ ပန်းချီပညာရှင်များကိုယ်စား ပန်းချီပြပွဲအဖွဲ့ခေါင်းဆောင် ပန်းချီပညာရှင် ကထိက ဦးမြင့်ဦးက လက်ခံရယူသည်။

ယင်းနောက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယကကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များက ပန်းချီပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာကြီးများဖြစ်ကြသည့် ဦးမာလာ၊ ဦးဇော်ဝင်း (သစ်ထွင်း)၊ ဦးမြင့်ဦး၊ ဦးအောင်သင်းဦး၊ ဒေါက်တာတင်ဌေးအောင်၊ ဦးဇော်ဝင်းဖေ၊ ဦးခင်မောင်စန်း၊ ဦးခင်မောင်မြင့်၊ ဦးမင်းဇော်၊ ဦးအောင်မိုးညိုထူး၊ ဦးအောင်မျိုးမြင့်၊ ဦးဌေးလွင်ဦး၊ ဦးမြတ်မင်းထွေးတို့ ရေးဆွဲထားသော ပန်းချီကားပေါင်း ၇၀ ကို ဇွန် ၃၀ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ UNESCO မှ ဌာနေကိုယ်စားလှယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်