ပူတာအို ၁၂ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ယခုလရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုခြင်းနှင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် မဂွေဇ-ခေါင်လန်ဖူးသွားလမ်းရှိ ရီဒမ်ကျေးရွာအနီး ဆီဆုံကျေးရွာအဝင်၌ မေခမြစ်အတွင်းသို့ အလျားပေ (၃၀)ခန့်လမ်းမြေသားပြိုကျခြင်း၊ ဆီဆုံကျေးရွာနှင့် ဂျာဝမ်ထုကြိုးတံတားကြား၌ အပင်ကြီးများ၊ တောင်နံရံမြေသားများပြိုကျခဲ့ပြီး အလျားပေ (၂၀)ခန့် အမြင့်(၁၀)ပေခန့်လမ်းပိတ်ဆို့ခြင်း၊ ဖိုးလုံးကျေးရွာအနီး၌ အလျား ၁၀ ပေ အမြင့်(၁၀)ပေခန့်တောင်နံရံပြိုကျလမ်းပိတ်ဆို့ခြင်း၊ နုဝမ်ကောင်ဘိုတဲအနီး၌ အလျား(၄၀)ပေ အကျယ်(၆)ပေ ပျဉ်ခင်းသစ်သားတံတားပျက်စီးမျောပါသွားခြင်းများဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးမှု မြေပြိုကျလမ်းပိတ်ဆို့မှုများအား ခေါင်လန်ဖူးမြို့နယ်လမ်းဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အမြန်ပြုပြင် ရှင်းလင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပူတာအို - ဆွမ်ပရာဘွမ် - မြစ်ကြီးနားကားလမ်း ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ချန်ကျေးရွာမှ မီတာ (၅၀ဝ)ခန့် အကွာ မိုင်တိုင်အမှတ် (၁၅၄/ဝ)တွင် ကားလမ်းမပေါ်သို့ အမြင့်(၁၀)ပေ၊ အလျား(၁၀)ပေခန့် တောင်နံရံပြိုကျခြင်း၊ ဖုန်အင်ခချောင်းအတွင်းသို့ စီးဝင်နေသော ချောင်းလက်တက်ငယ်များဖြစ်သည့် အင်ဂေါမကျေးရွာ မိုင်တိုင်အမှတ် (၁၄၅)အနီးရှိ အလျား(၈၀)ပေ၊ အနံ(၁၂)ပေ သံဘောင်ဘေလီတံတား နှစ်စင်းပေါ်တွင် ရေအနက်သုံးပေခန့် နှစ်မြှပ်ခြင်း၊ ပူတာအိုမြို့ နယ်၊ ဆွမ်ပီယာန်ကျေးရွာ တောင်ဘက်ခြမ်း (ချောင်းနှင့်ရွာဘက်ခြမ်း) မိုင်တိုင်အမှတ် (၁၇၀/ဝ)၌ အမြင့်ပေ(၆၀)ပေ၊ အလျား(၁၀ဝ)ပေ ထု(၅၀)ပေခန့် မြေပြိုကျ၍ ဆွမ်ပီယာန်တပ်စခန်း၏ ဝါးခြံစည်းရိုးပါသွားခြင်း၊ ဆွမ်ပီယာန်ကျေးရွာတောင်ဘက်ခြမ်း မိုင်တိုင်အမှတ်(၁၄၀/ဝ)အနီး အမြင့်(၁၀ဝ)ပေ၊ အလျား(၁၅၀)ပေခန့် လမ်းပေါ်သို့ တောင်နံရံပြိုကျခြင်း၊ ဆွမ်ပီယာန်ကျေးရွာတောင်ဘက်ခြမ်း မိုင်တိုင်အမှတ်(၁၃၉/ဝ)အနီး အမြင့်(၂၀ဝ)ပေ အလျား(၄၀ဝ)ပေခန့် ကားလမ်းပေါ်သို့ တောင်နံရံပြိုကျခြင်းများဖြစ်ပေါ်ခဲ့ရာ လမ်းအထူး(၁)နှင့် ပန်းလောင် ကုမ္ဗဏီမှ အင်ဂျင်နီယာများနှင့် လမ်းလုပ်သားများက ဘတ်ဟိုးနှင့်လုတ်ဒါများဖြင့် လမ်းပိတ်ဆို့ခြင်းများ ကြန့်ကြာမှုမရှိစေရေး ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)


