ပူတာအို ၃၀ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် ပူတာအိုမြို့ မြို့မရပ်ကွက် ပြည်သူ့အားကစားကွင်း အနောက်ဘက်တွင် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ရုံးအဆောက်အအုံသစ် ဆောက်လုပ်မှု ရာခိုင်နှုန်းပြည့် ဆောက်လုပ်ပြီးစီး နေပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ယင်းအဆောက်အအုံသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၃၉)ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ဘုန်းမင်းခန့်ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ယူကာ အလျား ၅၄ ပေ၊ အနံ ၃၈ ပေ၊ အမြင့် ၂၄ ပေ အာရ်စီနှစ်ထပ်ရုံးအဆောက်အအုံအား ဇန်နဝါရီ ၁၁ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်းပြည့် ဆောက်လုပ် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုံးအဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးနေပြီဖြစ်၍ ရုံးစတင်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအမှီ ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပိုမိုအစဉ်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်အိအိဖြိုးထံမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)