ပူတာအို ၂၂  ဩဂုတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မန်စေခွန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာ၌ ကျေးရွာတွင်း ရေနှုတ်မြောင်းတူးဖော်ခြင်းနှင့် ရေပြွန်(၁၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရွာတွင် ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ မန်ပန်ကျေးရွာ ကျေးရွာတွင်း ရေနှုတ်မြောင်းတူးဖော်ခြင်းနှင့် ရေပြွန်(၁၁)စင်း တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် လုပ်ငန်းများ အချိန်မီ ပြီးစီးရေးဆွေးနွေး မှာကြားသည်။

 

အဆိုပါကျေးရွာတွင် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အလျား ၁၀၂၀၀ ပေ၊ အနက် ၂ ပေ၊ အကျယ် ၂ ပေ တူးဖော်ခြင်းနှင့် ရေပြွန်(၁၁) စင်းတည်ဆောက်ခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး စီမံကိန်းလုပ်ငန်း ပါဝင်သူများကို  ချက်ခြင်းလုပ်အားခပေးချေ၍ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ပြောပြ၍ သိရသည်။

စိုးမိုးကျော်