ပူတာအို   ၂၄   သြဂုတ်     

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူထုတွေ့ဆုံပွဲနှင့် လယ်မယ်ဝါဂျီ-မုဒုံ ကွန်ကရစ်လမ်းမြို့ပတ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်(၂၃)ရက် နံနက်(၁၀)နာရီတွင် လယ်မယ်ဝါဂျီကျေးရွာ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးသန့်ဇင်က ပူတာအို့မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျက်ရှိရာပြည်သူများအနေဖြင့် ၎င်းတို့ကို ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားကာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းသန့်အောင် ကဒေသဖွံ့ဖြိုးရေးလမ်းတံတားများဆောင်းရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ ထို့နောက်ဒေသခံရပ်မိရပ်ဖများက မိမိတို့ကျေးရွာများတွင် လိုအပ်လျက်ရှိသော လမ်းတံတား၊ဆည်မြောင်းနှင့် လယ်ယာမြေဖော်ထုတ်ရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ တောင်းခံ တင်ပြဆွေးနွေးကြရာပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ပုံငွေကျပ်(၄၅၀)သန်းဖြင့် မလိခညီအစ်ကိုများကုမ္ပဏီနှင့် Snow Land Star ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်လျက်ရှိသော ခင်ဖန်-လယ်မယ်ဝါဂျီ-မုဒုံကွန်ကရစ်လမ်းသစ် (၃ မိုင် ၄ ဖာလုံ)ကို ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ခန်လင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ လူဦးရေ(၃၀ဝ) ခန့် တက်ရောက်ကြောင်း သိရသည်။

အဆိုပါမြို့ပတ်လမ်းကို ပူတောင်းကျေးရွာအုပ်စု၊ ပမ္မတီးကျေးရွာအုပ်စုနှင့် မချမ်းဘော့မြို့နယ်မလိခအထက်ပိုင် ကျေးရွာများမှပြည်သူများ အသုံးပြုလျက်ရှိပြီး ယခုအခါ ကွန်ကရစ်လမ်းသစ် ခင်းကျင်းပြီးစီးမှုကြောင့် ၎င်းလမ်းမကြီး ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း(၂၉)ရွာမှ လူဦးရေ(၉၆၉၆)ဦးတို့အတွက် အကျိုးပြုပြီးသွားရေးလာရေး အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။

ဆန်းညွှန့်(ပူတာအို)