ပူတာအို ၂ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အအေးပိုင်းဒေသ ငါးမျိုးများ မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ် ကာကွယ်ထိန်းသိမ်းရေးနှင့် ငါးမျိုးတိုးပွားမှုနှုန်း တိုးတက်မြင့်မားလာစေရေး ငါးလုပ်ငန်းဦးစီးဌာနက အောက်ဆန်ဂေါင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်း၌ဒေသငါးမျိုးဖြစ်သော ကျောက်ငါးလူးများ သားပေါက်ဖောက်လုပ်ထားကြောင်း ဇူလိုင် ၂ ရက်က ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးထံမှ သိရသည်။
"ငါးလုပ်ငန်းစခန်းမှာ ဒေသငါးမျိုးတွေ ငါးသားပေါက်ဖောက်ရခြင်းဟာ ပူတာအိုဒေသငါးမျိုးတွေ ပြုန်းမသွားစေဘဲ မျိုးပွားလာစေဖို့ဖြစ်ပါတယ်။ အခုသားဖောက်နေတဲ့ ငါးမျိုးက ဒေသအခေါ် ကျောက်ငါးလူးပေါ့နော်၊ ဒီငါးမျိုးဟာ ငါးထီး အလွန်ရှားပါးတဲ့ ငါးမျိုးဖြစ်လို့ ငါးသားဖောက်တဲ့နေရာမှာ ငါးထီးရှာဖွေရခက်ခဲတာမျိုးတော့ ရှိတယ်။ ရာသီဥတုကလည်း မမှန်ဘူးလေ၊ ကန်ရေအပူချိန် ၂၃ ဒီဂရီနဲ့ ပုံမှန်ဆို သားပေါက်ဖို့ အချိန် ၂၄ နာရီလောက်ပဲလိုပေမယ့် ဒီဒေသမှာက (၂၈)နာရီလောက် အချိန်ပေးရတယ်။ ဒါပေမယ့် အခုသားပေါက်ပြုစုကန်ထဲမှာ အကောင်ရေ(၁၀ဝ)ကျော်လောက်တော့ သားပေါက်ဖောက်ထားပြီးပြီ ဖြစ်တယ်"ဟု အအေးပိုင်းဒေသ ငါးသားဖောက်နေခြင်း အခြေအနေကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြသိန်းကပြောကြားသည်။
ပူတာအိုငါးလုပ်ငန်းစခန်းက "မြစ်ချောင်းအင်းကန် ငါးပြည့်လျှံအောင်၊ စွမ်းဆောင်ကြိုးပမ်းငါးလုပ်ငန်း" ဆောင်ပုဒ်နှင့်အညီ ဒေသမျိုး ငါးကျောက်ငါးလူးအပြင် ရွှေဝါငါးကြင်း၊ ငါးခုံးမ၊ တီလားဗီးယား ငါးများ သားဖောက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ ယင်းဒေသကျောက်ငါးလူးများသည် ပူတာအိုဒေသ ရာသီဥတုနှင့် ကိုက်ညီပြီး အခြားဒေသများတွင် မရှင်သန်နိုင်ဘဲ ပူတာအိုဒေသ၌သာ တွေ့ရသောငါးမျိုးဖြစ်ကြောင်း၊ အအေးပိုင်းဒေသမျိုး ငါးများ ရှာဖွေစုဆောင်း သားဖောက်ကာ မျိုးငါးများချန်၍ မျိုးပွားနှုန်းတိုးတက်စေရန် မြစ်ချောင်းများသို့ ပြန်လည်၍ မျိုးစိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။
ဆန်းညွှန့်(ပူတာအို)


