ပွင့်ဖြူ  ၂၅  ဇူလိုင်


ပွင့်ဖြူမြို့နယ် ကုန်းဇောင်း-သရက်တော ကျေးရွာချင်းဆက်လမ်း အရှည်ပေ (၁/ဝ)မိုင်အား ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ခင်းကျင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် သရက်တောကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမှာ ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်းကာလများတွင် ဒေသခံ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၉၀ ဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၆၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုးယုလွင်ထံမှ  သိရသည်။


အဆိုပါ ကျေးရွာချင်းဆက်လမ်း ပြီးစီးပါက ကုန်းဇောင်းကျေးရွာနှင့် သရက်တောကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ ရာသီမရွေး သွားလာနိုင်မည့်အပြင် ဒေသထွက် လယ်ယာသီးနှံထွက်ကုန်များကို အချိန်တိုတိုအတွင်း တင်ပို့ရောင်းချ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

14