နေပြည်တော်  ၂၆   ဇူလိုင်

“ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှု အပတ်စဉ် ညှိနှိုင်းအစည်းအဝေး” ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကုသရေး/ ဆေးအကာအကွယ်/ ဆေးခုံဌာနခွဲ၊ ဝယ်ယူရေးဌာနခွဲနှင့် ဖြန့်ဖြူးရေးဌာနခွဲတို့မှ တာဝန်ရှိသူများက ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ ဇန်နဝါရီ - ၁ ရက်မှ ဇူလိုင်- ၂၅ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူ ၉၀၈ ဦးတွင် ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိလူနာ (၃၈၉) ဦး နှင့် ရာသီတုပ်ကွေးရောဂါနှင့် ဆက်စပ်ရောဂါများကြောင့် သေဆုံးသူ (၇၂) ဦးရှိကြောင်း၊ ထို့အပြင် ပြည်သူ့ဆေးရုံများတွင် ရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ပြီး သက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခဲ့သူ (၁၈၅) ဦး ရှိကြောင်း၊ သေဆုံးသူများ၏ (၈၀ ဒသမ ၆) ရာခိုင်နှုန်းဖြစ်သည့် (၅၈) ဦးတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှု လမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအားကျဆင်းသည့်ရောဂါများ အစရှိသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ရှင်းလင်းတင်ပြကြသည်။ 

ဆက်လက်၍ ပြည်သူလူထုအတွင်း တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza like illness –ILI) ဖြစ်ပွားမှုနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection- SARI) ဖြစ်ပွားမှု စသည် တို့ကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊ ရာသီတုပ်ကွေး အမျိုးအစားအလိုက် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အခြေအနေများအား နေ့အလိုက်၊ အပတ်စဉ်အလိုက်၊ လအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ အသက်အုပ်စု အပိုင်းအခြားအလိုက် ပြုစုဆန်းစစ်ထားရှိသော အချက်အလက်များ၊ ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09)ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာသည့် အခြေအနေများ၊ ဆေးရုံ/ ဆေးခန်းများတွင် ရာသီတုပ်ကွေးရောဂါလူနာများအား ကုသနေမှု၊ ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားမှု၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးမှုနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား အသေးစိတ်တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖြစ်ပွားသူ အရေအတွက်များအား စာရင်းဇယားများ၊ နိုင်ငံတကာတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု၊ ယခင်နှစ်များက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့မှုကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ရောဂါဖြစ်ပွားမှု အခြေပြမြေပုံများ ရေးဆွဲထားရှိကာ ဆန်းစစ်သုံးသပ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းများ၊ အဝေးပြေးကားဂိတ်များ၊ အဝေးပြေးယာဉ်များ၊ ဘတ်စ်ကားများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဈေးများစသည့် လူစည်းကားရာ နေရာများတွင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးပိုစတာများ၊ စတစ်ကာများ စသည်တို့ကို ပိုမိုတိုးမြှင့် ချိတ်ဆွဲထားရှိရမည်ဖြစ်ပါကြောင်း။

ရုပ်မြင်သံကြားလိုင်းများတွင်လည်း လူ့ကြည့်များသည့် အချိန်များ၌ ရာသီတုပ်ကွေးရောဂါ ဆိုင်ရာ ကျန်းမာရေးအသိပညာများကို ပိုမိုထုတ်လွှင့်ပေးရေး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရာသီတုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့သို့ သွားရောက်၍ ဟောပြောဆွေးနွေးမှုများ ပြုလုပ်စေလိုပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ထပ်မံလိုအပ်နိုင်မှုများအတွက် ကြိုတင်တွက်ဆကာ ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားမှုနှင့်သေဆုံးမှုပုံစံ (trend) များ ကျဆင်းလာမှုရှိနေသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား ဗဟိုအဆင့်မှ မြေပြင်အဆင့် အထိ အရှိန်အဟုန်ဖြင့်ဆက်လက် အလေးထားဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အပတ်စဉ် ညှိနှိုင်းအစည်းအဝေးများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော် ဦးဆောင်၍ နေ့စဉ်ညှိနှိုင်းအစည်း အဝေးများကိုလည်းကောင်း ပုံမှန်ပြုလုပ်ကာ ရာသီတုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းနှင့် လမ်းညွှန်အားဖြည့်ဆောင်ရွက် ခြင်းများ လုပ်ဆောင်လျက်ရှိသည်။    

ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.mohs.gov.mm, ဝန်ကြီးဌာန၏ လူမှုကွန်ရက် (facebook) စာမျက်နှာနှင့် Myanmar CDC ၏လူမှုကွန်ရက် (facebook) စာမျက်နှာများမှ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza ဖြစ်ပွားမှုနှင့်ပတ်သက်၍ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်ကိုလည်း  ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်