နေပြည်တော် ၅ ဇူလိုင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) နှင့် ကပ်ရောဂါ (Epidemic) အသွင်ဖြင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (Communicable Disease Surveillace) လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် (၂၀ဝ၅) (International Health Regulatios-2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တုပ်ကွေးဆန်သောရောဂါလက္ခဏာ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါပိုး ကူးစက်ဖြစ်ပွားမှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး အိမ်နီးချင်းနိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်ပါသည်။
သေဆုံးသူ (၃၀) ဦးကို လေ့လာဆန်းစစ်ချက်များအရ အသက်အရွယ်ကြီးရင့်သူများ၊ အသက်အရွယ် ငယ်လွန်းသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်း ရောဂါ၊ မွေးရာပါ ရောဂါစုများ စသည့် နာတာရှည်ရောဂါအခံရှိသူများတွင် သေဆုံးကြောင်း တွေ့ရှိရပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိမှုအခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
- (၆) ဦးမှ (၉) ဦးအထိ ပိုးတွေ့ရှိသော မြို့နယ်များ -
- လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်း
- (၃) ဦးမှ (၅) ဦးကြား ပိုးတွေ့ရှိသော မြို့နယ်များ -
- ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတ၊ ဒလ၊ လှည်းကူး၊ အင်းစိန်၊ စမ်းချောင်း၊ ရန်ကင်း၊ လှိုင်
- (၁) ဦးမှ (၂) ဦးကြား ပိုးတွေ့ရှိသော မြို့နယ်များ -
- မှော်ဘီ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံ ကုန်း၊ တောင်ဥက္ကလာပ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့်၊ သုံးဂွ၊ ဒဂုံ (ဆိပ်ကမ်း)
ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံခြင်းအား ရောဂါကူးစက်လွယ်သော အုပ်စုများ ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်အရွယ်ငယ်လွန်းသူများ (အသက် ၆ လမှ ၅ နှစ်)၊ အသက်အရွယ်ကြီးလွန်းသူများ (အသက် ၆၅ နှစ်အထက်)၊ နာတာရှည်ရောဂါရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများတွင်သာ ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ဖြစ်စဉ်နှင့်ပတ်သက်၍ ရာသီတုပ်ကွေးရောဂါအပါအဝင် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန် လူနာဆောင်များ ကြိုတင် ပြင်ဆင်ထားရှိခြင်း၊ လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်စီစဉ်ထားရှိခြင်း၊ ရောဂါဖြစ်ပွားလာပါက ထိရောက်စွာကုသခြင်းလုပ်ငန်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ချိတ်ဆက်ဆောင်ရွက်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်း အပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများအား တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ညှိနှိုင်း၍ အရှိန်အဟုန် မြှင့်ဆောင်ရွက်ခြင်း၊ ရာသီတုပ်ကွေးရောဂါ ကျန်းမာရေးပညာပေး လုပ်ငန်းများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပေးနှိုးဆော်ခြင်း၊ သတင်းမီဒီယာများမှတစ်ဆင့် ကျန်းမာရေး ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအကြား သတင်းအချက်အလက်အမှန်များ သိရှိပြီး စိုးရိမ်မှုလျော့ကျစေရန်အတွက် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွား/ သေဆုံးမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


